(က)-တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ပြည်နယ်/တိုင်းများတွင် ရုံးခွဲများဖွင့်လှစ်မှုအခြေအနေ၊ ရာထူးအလိုက်၊ လူမျိုးအလိုက် ဝန်ထမ်းများခန့်ထားမှု အခြေအနေနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ ပြည်နယ်/တိုင်းများတွင် ရုံးခွဲများဖွင့်လှစ်မှုအခြေအနေ၊ ရာထူးအလိုက်၊ လူမျိုးအလိုက် ဝန်ထမ်းများခန့်ထားမှု အခြေအနေနှင့် ဝန်ထမ်းအင်အားအခြေအနေ၊ ဝန်ထမ်းများ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းတာဝန်များ၊ ရုံးခွဲများမဖွင့်နိုင်သေးသည့် ပြည်နယ်/ တိုင်းများအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

၂၀၀၈ ခုနှစ် အခြေခံဥပဒေအခန်း (၁) အခြေခံမူများ ပုဒ်မ ၂၂ အရ “နိုင်ငံတော်သည် (က) တိုင်းရင်းသားများ၏ စာပေ၊ စကား၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန် ကူညီဆောင်ရွက် ရမည်။ (ခ) တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေး တို့ကို တိုးတက်ဖြစ်ထွန်းစေရန် ကူညီဆောင်ရွက်ရမည်။ (ဂ) တိုးတက်ဖွံ့ဖြိုးမှု နည်းပါးပြီး တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားရေးတိုးတက် ဖွံ့ဖြိုးရေးအတွက် ကူညီဆောင်ရွက်ရမည်” ဟု ပြဋ္ဌာန်းထားခြင်းအရ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနကို ၂၅-၅-၂၀၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားလူမျိုးများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ ၄-၄-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်၌ အတည်ပြု ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ ပုဒ်မ ၃၅၄ ပုဒ်မခွဲ (ဃ) တွင်လည်း တိုင်းရင်းသားလူမျိုးတစ်မျိုး သို့မဟုတ် တိုင်းရင်းသားလူမျိုး အချင်းချင်းကိုလည်းကောင်း၊ အခြားဘာသာ သာသနာကိုလည်းကောင်း ထိခိုက်နစ်နာမှု မရှိစေဘဲ မိမိချစ်ခင်မြတ်နိုးသည့် စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက် ပိုင်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေတွင်လည်း အခန်း (၂) ရည်ရွယ်ချက်တွင် ပုဒ်မ ၃ အရ ခြောက်ချက်၊ အခန်း (၃) တိုင်းရင်းသား အခွင့်အရေးနှင့်ရပိုင်ခွင့်ပုဒ်မ ၄ အရ (၁၀) ချက်၊ အခန်း (၅) ဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပုဒ်မ ၉ အရ (၁၂) ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ရုံးဝန်ထမ်း၊ ရာထူးအလိုက်၊ လူမျိုးအလိုက်၊ အင်အားမည်မျှ ခြားနားပြီးကြောင်းနှင့် လိုအပ်သည့်ဝန်ထမ်းများ ခန့်ထားရာ တိုင်းရင်းသားများ မျှော်လင့်နေသော စာပေ၊ စကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း သမိုင်းအမွေအနှစ်များ ဖော်ထုတ်ကာကွယ်မည့် နေရာအတွက် ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်၍ မည်သည့်အတိုင်းအတာအထိ ဆောင်ရွက်ပြီးစီးနေပြီး မည်မျှဆောင်ရွက်ရန် လိုအပ်နေကြောင်းကို အများအားဖြင့် မသိကြသေးသော တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံး သိရှိနိုင်ရန်နှင့် တိုင်းရင်းသားဒေသများ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန၏မူဝါဒနှင့်အညီ ရည်ရွယ်ချက်၊ အခွင့်အရေး၊ တာဝန်နှင့်ဝတ္တရားများအား ဆောင်ရွက်နေမှုတို့ကို သိရှိလိုကြောင်း မေးမြန်းပါသည်။