(ခ)-နိုင်ငံတစ်ဝန်း မြို့ဟုသတ်မှတ်အသိအမှတ်ပြုထားသည့်မြို့များတွင် လိုအပ်သည့် ဖွံ့ဖြိုးစည်ပင်သာယာ ရေးအတွက် ရေတိုရေရှည်အစီအမံများချမှတ်၍ ရန်ပုံငွေချပေးကာ ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

နိုင်ငံတော်ကို လွှတ်တော်မဲဆန္ဒနယ် ၃၃၀ တို့ဖြင့်အခြေခံကာ မြို့နယ်အဖြစ်တည်ဆောက်ခဲ့ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၅၁ ပုဒ်မခွဲ (ခ) အရ ရပ်ကွက်များကို မြို့သို့မဟုတ်မြို့နယ်များအဖြစ် သတ်မှတ် ခဲ့ပါကြောင်း၊ အလားတူ မြို့အဆင့်ဖြစ်နေပြီဖြစ်သည့် ကျေးရွာအုပ်စုကြီးကိုလည်း မြို့အဖြစ်အသိအမှတ်ပြု သတ်မှတ်ခေါ်ဝေါ်ခြင်း ခံခဲ့ရကြသော်လည်း မြို့နှင့်ထိုက်တန်သော ဖွံ့ဖြိုးစည်ပင်စေသော အစီအမံများ၊ ဆောင်ရွက်ပေးမှုများ အားနည်းနေခြင်းနှင့် ပတ်သက်ပြီး မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊

လွန်ခဲ့သည့်လများက မိမိတို့ကိုယ်စားလှယ်အချို့ ချင်းပြည်နယ်၊ ရိဒ်ခေါဒါမြို့ကို အလည်အပတ် သွားရောက်ခဲ့ပါကြောင်း၊ ဒေသခံမိတ်ဆွေများနှင့် စကားပြောသည့်အခါ ယနေ့ ၎င်းတို့ မြို့နှင့်ပတ်သက်ပြီး ရင်ဆိုင်နေရသော အခက်အခဲများ၊ ခံစားချက်များ၊ သိမြင်ခြင်းများကို ထောက်ပြကြရာ အလွန်စိတ်ဝင်စား ဖွယ်ကောင်းပြီး ၎င်းတို့ကို မည်သို့ကူညီနိုင်မည်၊ ပံ့ပိုးနိုင်မည်ကို မိမိတို့စဉ်းစားခဲ့ကြပါကြောင်း၊ အဆိုပါ မြို့လေးကို ယခင်တပ်မတော်အစိုးရခေတ်ကတည်းက မြို့အဖြစ်အသိအမှတ်ပြုခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် အလားတူမြို့များ၊ တစ်နည်းအားဖြင့် ပြည်ထဲရေးအမည်ပေါက်မြို့များ ၄၃၀ ကျော် ရှိသည်ဟု လေ့လာသိရှိရပါကြောင်း၊ မြို့အားလုံးရင်ဆိုင်နေရသည့် စိန်ခေါ်မှုများလည်း အလားတူဖြစ်မည် ဖြစ်သည့်အတွက် တစ်နိုင်ငံလုံးက မြို့အားလုံးနှင့် အနာဂတ်တွင်ဖြစ်ပေါ်လာမည့် မြို့အားလုံးအတွက် ရည်ရွယ်၍ မေးမြန်းခြင်း ဖြစ်ပါကြောင်း၊

ဥပဒေအရ ယနေ့တည်ထောင်ထားကြသည့် မြို့များသည် ကျေးရွာများ၊ မြို့နယ်များ မဟုတ်ကြပါကြောင်း၊ သာမန်အားဖြင့် စည်ပင်သာယာရေး အဖွဲ့များရှိလာပါကြောင်း၊ ရွာနှင့်မတူသည့် စည်ပင်အခွန် အကောက်စနစ်များ ဖြစ်လာပါကြောင်း၊ ၎င်းအခွန်များဖြင့် အဆိုပါမြို့ကိုဖွံ့ဖြိုးစေရန် လုပ်ဆောင်နိုင်မည်ဟု  ယေဘုယျတွက်ဆ၍ ရပါသော်လည်း လက်တေ့ွတွင် ၎င်းတွက်ဆမှုသည် မှားယွင်းနေပါကြောင်း၊ နိုင်ငံတစ်ဝန်းက ကျေးရွာများ စည်ပင်ဝပြောရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် သက်ဆိုင်သည့် ဦးစီးဌာနများသည် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အောက်တွင်ရှိနေပြီး ကျေးလက် အခြေခံ အဆောက်အဦများ၊ ရေအရင်းအမြစ် ရရှိရေးအပါအဝင် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ထောက်ပံ့ ဖြည့်ဆည်း ပေးနေရပါကြောင်း၊ ယခု ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာနကလည်း လမ်းများဖြစ်လာရန် စီမံပေးနေပါကြောင်း၊ ကမ္ဘာ့ဘဏ်ချေးငွေဖြင့် CTC စီမံကိန်း၊ VPP စီမံကိန်းကဲ့သို့သော ရွာလူထုစိတ်ကြိုက် တည်ဆောက်နိုင်မည့် လုပ်ငန်းများ၊ မြစိမ်းရောင်ကဲ့သို့ ချေးငွေများ ရှိနေချိန်တွင် တင်ပြပါမြို့ကလေးများက အဆိုပါစီမံကိန်းများ၊ ရငွေများနှင့်မသက်ဆိုင်ခြင်း ဖြစ်နေပါကြောင်း၊ တစ်ဖက်ကကြည့်ပါက မြို့နယ်ရုံးစိုက်သောမြို့များကဲ့သို့ အိမ်ထောင်စုအရေအတွက်၊ ဖြတ်သန်းသည့် ယာဉ်အရေအတွက်၊ ဈေးများ၏ရောင်းဝယ် လှုပ်ရှားမှုပမာဏသည် မများပြားသည့်အတွက် မြို့စည်ပင်အခွန်သည် ပြောပြလောက်အောင် မရှိပါကြောင်း၊ ၎င်းငွေဖြင့် ဖွံ့ဖြိုးစေရန် တည်ဆောက်ရပ်တည်ရမည် ဆိုပါက လက်တွေ့တွင် ခက်ခဲလှပါကြောင်း၊ အခြားထောက်ပံ့ငွေ၊ ဖွံ့ဖြိုးရေးအကူအညီများလည်း မရရှိသည့်အတွက် မိမိအခွန်ဖြင့် စီမံဖွံ့ဖြိုးစေရေးသည် မဖြစ်နိုင်သကဲ့သို့ ဖြစ်နေပါကြောင်း၊ ကျေးလက်ဖွံ့ဖြိုးရေးရရှိရန် ၂၀၁၀ ခုနှစ်မှစတင် လုပ်ဆောင် ခဲ့ကြသည့်အတွက် ကျေးရွာပြည်သူလူထုများအတွက် လမ်းများ၊ တံတားများ၊ ရေကန်များအတွက် ရန်ပုံငွေများခွဲဝေ ချထားပေးနိုင်ခဲ့သည်မှာ ရှစ်နှစ်အကြာတွင် အတော်အတန် ခရီးရောက်ရှိနေပြီ ဖြစ်ပါကြောင်း၊ လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့်လည်း လုပ်ဆောင်ပေးနိုင်ခဲ့ပါကြောင်း၊ ဆက်လက်ပြီး မိမိတို့ လုပ်ဆောင်ကြရဦးမည် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း မြို့ပြဖွံ့ဖြိုးရေးအတွက် စည်ပင်ရန်ပုံငွေ၊ နိုင်ငံတော်၏ ရန်ပုံငွေများကို နှစ်စဉ်အသုံးပြုပြီး ဆောင်ရွက်ပေးနိုင်နေပြီ ဖြစ်ပါကြောင်း၊ ပြီးပြည့်စုံသော အခြေအနေကို ရောက်ရှိရန် ကြိုးစားရဦးမည်ဖြစ်သော်လည်း အတန်အသင့်ခရီးရောက်ရှိနေပြီး တစ်နည်းအားဖြင့် လမ်းကြောင်းပေါ်ရောက်ရှိနေပြီဟု ပြောရမည်ဖြစ်ပါကြောင်း၊

ယခုအချိန်တွင် မိမိပြောကြားသည့်မြို့များကို မေ့လျော့မထားသင့်သည်ကို လွှတ်တော်ကြီးမှတစ်ဆင့် အသိပေးတင်ပြလိုပါကြောင်း၊ မြို့နယ်လည်းမဟုတ်၊ ကျေးလက်လည်းမဟုတ်၊ ပြောရမည်ဆိုပါက တောမကျ၊ မြို့မကျ၊ တောမရောက်၊ တောင်မရောက်နှင့် အလှမ်းကျယ် အလယ်လပ်နေသော မြို့များအတွက် ပြည်ထောင်စုအစိုးရအနေဖြင့် အစီအမံများချမှတ်ရန်၊ ဘဏ္ဍာရန်ပုံငွေများခွဲဝေပေးရန် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများနှင့် ညှိနှိုင်းပြီး မြို့များတွင် လိုအပ်နေသော၊ ရှိသင့်ရှိထိုက်သည့် အဆင့်မီဖွံ့ဖြိုး သာယာရေးအတွက် အားနည်းချက်များ ပြုပြင်ထိန်းသိမ်း ဆောင်ရွက်သွားရန် လိုအပ်နေပြီ ဖြစ်သည့်အတွက် မြန်မာနိုင်ငံတစ်ဝန်းမြို့များ၏ ဖွံ့ဖြိုးစည်ပင်သာယာမှုအပေါ် ရေတို/ရေရှည် အစီအမံများဖြင့် ဘဏ္ဍာငွေချမှတ်၍ တိုးမြှင့်ဆောင်ရွက်သွားရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။