(ဂ)-သံဖြူဇရပ်မြို့လယ်ခေါင်၊ ပြည်ထောင်စုလမ်းမနံဘေးရှိ ကုန်သွယ်လယ်ယာနှင့် သမဝါယမအသင်းစုပိုင် ဂိုဒေါင်မြေနေရာတွင် မြို့တော်ခန်းမဆောက်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံသည် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေကြောင်း အားလုံးအသိ ဖြစ်ကြောင်းကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပုဒ်မ ၇ တွင် ပြဆိုထားပြီး ဖြစ်ပါကြောင်း၊ ဒီမိုကရေစီစနစ်က လူထုကိုဗဟိုပြုမျက်နှာမူနေသည့်အတွက် နိုင်ငံ့အကြီးအကဲနှင့် အုပ်ချုပ်သူအစိုးရ ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များက လူထုနှင့်ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံဆွေးနွေးရန် လိုအပ်ပါကြောင်းနှင့် လူထုအစည်းအဝေးကြီးများလည်း ကျင်းပရန် လိုအပ်ပါကြောင်း၊ ၎င်းကဲ့သို့တွေ့ရန် မြို့နယ်တိုင်းတွင် လူထုများများဖြင့် ဥတုသုံးပါးမရွေး တွေ့ဆုံနိုင်သည့် မြို့တော်ခန်းမ လိုအပ်ပါကြောင်း၊ သို့သော် မိမိတို့မြို့နယ်တွင် မရှိပါကြောင်း၊ မြို့တော်ခန်းမ (Town Hall) ဆိုသည်မှာလည်း မြို့လယ်ခေါင်မှ တင့်တယ်မည် ဖြစ်ပါကြောင်း၊ ဆင်ခြေဖုံးများတွင် ဆောက်သည့် အမျိုးအစားထဲတွင် မပါပါကြောင်း၊ သံဖြူဇရပ် မြို့လယ်ခေါင်တွင်လည်း မြေနေရာမရှိတော့ပါကြောင်း၊ သို့သော်လည်း မြို့လယ်ခေါင် ပြည်ထောင်စုလမ်းမကြီးနံဘေး ကျောင်းပိုင်းရပ်ကွက်တွင် ကုန်သွယ်လယ်ယာဌာန မျက်နှာစာ ၈၄ ပေ အကျယ်၊ အရှည် ၂၉၀ ပေနှင့် ၂၅၇ ပေ ရှိပြီး ဝ.၆၅၅ ဧကရှိပါကြောင်း၊ ၎င်းနေရာတွင် ဆိုင်ခန်းများ ငှားစားပြီး မည်သည့်အတွက်မျှ အသုံးမပြုတော့သည့် ဂိုဒေါင်ပျက်ကြီးကိုလည်းကောင်း၊ ဆက်လျက်တွင် မြို့နယ်သမဝါယမ အသင်းစုပိုင် မျက်နှာစာ ၁၅၀ ပေ၊ အရှည် ၂၅၇ ပေတွင် မြေဧရိယာ ဝ.၆၂၉ ဧကကိုလည်း မျက်နှာစာဆိုင်ခန်း ငှားစားပြီး အသုံးမပြုတော့သည့် ဂိုဒေါင်ပျက်ကြီး ထားရှိသည်ကို တွေ့ရှိရပါကြောင်း၊ အကယ်၍ သမဝါယမအသင်းစုနှင့် ကုန်သယ်လယ်ယာကပါ အကြောင်းအမျိုးမျိုးပြပြီး စွန့်လွှတ်ရန်ငြင်းဆိုပါက ခ.လ.ရ (၆၂) အနီး စက်မှု (၂) က စွန့်လွှတ်မြေဧက ၄၀ နေရာတွင် အစားထိုးပြောင်းပေးရန် ရှိပါကြောင်း၊ အဆိုပါကိစ္စများကိုလည်း ပြည်နယ်ဝန်ကြီးချုပ်နှင့် တွေ့ဆုံတင်ပြခဲ့ပြီး ဖြစ်သော်လည်း ရန်ပုံငွေနည်းပါးသည့် ပြည်နယ်ဖြစ်သည့်အတွက် အဆိုပါမြို့တော် ခန်းမကြီးကို ပြည်ထောင်စုနှင့်ပြည်နယ် ပေါင်းစပ်ပြီး ဖော်ဆောင်ပေးလျှင် ဖြစ်နိုင်သည့်အတွက်ကြောင့် မိမိမှမေးခွန်း မေးမြန်းရခြင်း ဖြစ်ပါသည်။ အဆိုပါ ခန်းမကြီးဆောက်ပြီးလျှင် ကုန်ကျစရိတ်နှင့် ဝန်ထမ်းခများကိုလည်း ခန်းမငှားရမ်းခကနေပြီးသက်သောင့်သက်သာဖြင့် ဖြေရှင်းသွားနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါမေးခွန်းကို အကောင်အထည်ဖော်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။