(စ)-လွိုင်ကော်မြို့နယ်တွင် တည်ရှိသော ဒေါပေါ်ကလဲရွာငယ်မှ ဘုရားနီရွာအထိ အလျား ၈၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁၂ လက်မရှိ လယ်ယာကုန်ထုတ်မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ဒေါပေါ်ကလဲရွာငယ်မှ ဘုရားနီရွာအထိ ရာသီမရွေးသွားလာနိုင်သည့် ကျောက်ချောလမ်းရှိမည်ဆိုပါက ဘီလူးချောင်းအနောက်ဘက်ရှိရွာပေါင်း ၁၂ ရွာ၊ ဘီလူး ချောင်းအရှေ့ဘက်ရှိ ၁၀ ရွာတို့၏ ဒေသခံ တောင်သူ များ၏ နွားများအတွက် လမ်းပန်းဆက်သွယ် ကောင်းမွန်ပြီး မိုးဗြဲလက်ဝဲမြောင်းမှတိုက်ရိုက် မိုင်တိုင် ၉၂၄ အထိ၊ မိုးဗြဲ လက်ဝဲမြောင်းလက်တံ(၂)၊ လက်တံ(၃)ရေသောက်စနစ်အတွင်းရှိ ကွင်းပေါင်း ၂၀ ၏ ရေသောက် ဧကပေါင်း ၅၇၇၀ မှ ထွက်ရှိလာမည့် စပါးတင်းပေါင်း ပျမ်းမျှ၄၆၀၀၀၀ ခန့်တို့အတွက် ရာသီမရွေး လွယ်ကူ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်သည့် အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက် ပေးမည့် အစီအစဉ်သည် မူဝါဒအနေဖြင့်လည်း ကိုက်ညီနေသည်ကို တွေ့ရှိရပါကြောင်း၊ ဥပမာ နိုင်ငံတော်၏ မူဝါဒ(၁၂)ချက် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်ဖြစ်သည့် SDG တွင်လည်း ပါဝင်သကဲ့သို့ MSDB စီမံကိန်းတွင်လည်းကောင်း၊ ပြည်နယ်၏ လုပ်ငန်းစဉ်မူဝါဒ(၇)ချက်တွင်လည်းကောင်း၊ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တွင်လည်း စိုက်ပျိုးရေးကဏ္ဍအနေဖြင့်လည်းကောင်း ပါဝင်သည်ကို တွေ့ရှိရပါကြောင်း၊ လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲရွာ ဘုရားနီအထိ လယ်ယာကုန် ထုတ်လမ်း၏ အခြေအနေကို ကွင်းဆင်းစစ်ဆေးရာတွင် သွားလာရအလွန်ခက်ခဲလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါလမ်းကို ဆောင်ရွက်ပေးရန် ဌာနဆိုင်ရာ ဆည်မြောင်းဦးစီးဌာနသို့ ၂၀၁၃၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၆၊ ၂၀၁၇ အထိ ဌာနဆိုင်ရာအသီးသီးက ဘဏ္ဍာရေးနှစ်များတွင် တင်ပြခဲ့သော်လည်း မရရှိခဲ့ ပါကြောင်း၊ ဒေါပေါ်ကလဲရွာငယ်မှ ဘုရားနီရွာအထိ အလျား ၈၅၀၀ ပေ၊ အကျယ် ၁၂ ပေ၊ ထု ၁၂ လက်မရှိ လယ်ယာကုန်ထုတ်မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပေးရန်သည် တောင်သူများ၏ ဆန္ဒဖြစ်သကဲ့သို့ မြေပြင်အနေအထားတွင်လည်း မရှိမဖြစ်လိုအပ်သည်ကိုတွေ့ရှိရသည့်အပြင် စီမံကိန်းညွှန်းကိန်း၊ ကယားပြည်နယ်၏မူဝါဒ၊ နိုင်ငံတော်သမ္မတ၏မိန့်ခွန်း၊ ထပ်မံဦးစားပေးလုပ်ငန်း (SDG နှင့် MSDB)တွင် ပါဝင်နေသည့်အတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိမရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။