(ခ)-တောင်သူကြီးများ ဝင်ငွေပိုမိုတိုးတက်ရရှိရေးအတွက် အဖိုးတန်နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သော လျှော်ဖြူပင် စိုက်ပျိုးထုတ်လုပ်ခြင်းကို နိုင်ငံခြားပို့ကုန် အဆင်‌့အထိ ရောက်ရှိအောင်မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင်‌့စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

တောင်သူကြီးများ မိသားစုအလိုက် ဝင်ငွေပိုမိုတိုးတက်ရရှိရေးအတွက် အဖိုးတန်နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သော လျှော်ဖြူပင်ခေါ် ဆေးကုလားမပင် စိုက်ပျိုးထုတ်လုပ်ခြင်းကို နယ်ပယ်ဒေသ အသီးသီးတွင် စိုက်ပျိုးလုပ်ကိုင်နေကြပြီဖြစ်သဖြင့် နိုင်ငံတော်အစိုးရမှ ဈေးကွက်ခိုင်မာသည်‌့ နိုင်ငံခြားပို့ကုန်အဆင်‌့အထိ ရောက်ရှိအောင်မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

မိမိတို့နိုင်ငံသည် စိုက်ပျိုး‌ရေးကိုအခြေခံသော နိုင်ငံဖြစ်သဖြင်‌့ မိသားစုပုံမှန်ဝင်ငွေရရှိစေရန် ဥယျာဉ်ခြံသီးနှံများ၊ နှစ်ရှည်ခြံသီးနှံများ၊ တန်ဖိုးမြင်‌့နိုင်ငံခြားပို့ကုန်သီးနှံများကို ပိုမိုစမ်းသပ်လုပ်ကိုင် စိုက်ပျိုးလာသည်ကို တွေ့မြင်နေရပါကြောင်း၊ ဤကဲ့သို့ စမ်းသပ်စိုက်ပျိုးရာတွင် စမ်းသပ်သည်‌့ အဆင်‌့မျိုးသာဖြစ်သဖြင်‌့ သီးနှံဖြစ်ထွန်းအောင်မြင်မှု၊ ဈေးကွက်ပီပြင်ခိုင်မာမှုတို့ကို မည်သူမျှ အာမမခံရဲကြပါကြောင်း၊ လွန်ခဲ့သောသုံးနှစ် ဝန်းကျင်ခန့်က ကြယ်ပဲခေါ် နှစ်ရှည်သီးနှံတစ်မျိုးကို နိုင်ငံခြားပို့ကုန် အဆင်‌့မြင်‌့ ရောင်းတန်းဝင်သီးနှံအဖြစ် လူပြောများပြီး ကြေညာအားကောင်းခဲ့ သော်လည်း လက်တွေ့စိုက်ပျိုးသည်‌့ တောင်သူများအကျိုး မဖြစ်ထွန်းသည်ကို မြင်တွေ့ကြရပါကြောင်း၊ ကြယ်ပဲကို ကုန်ချောအဖြစ် ဖန်တီးနိုင်သော်လည်း ကြယ်ပဲဆီတစ်ပုလင်းလျှင် ၃၀၀၀၀ မှ ၅၀၀၀၀ ကျပ် အထိ ဆီဈေးနှုန်းမြင်‌့မားခြင်း အဆင်‌့မြင်‌့ကြော်လှော် ထုပ်ပိုးပြီး ကြယ်ပဲစေ့တစ်ထုပ်လျှင် ၂၅၀၀ ကျပ်ခန့် ဈေးရှိခြင်းတို့ကြောင်‌့ ပြည်တွင်း၌ပင် ရောင်းချရန် မအောင်မြင်ခဲ့ပါကြောင်း၊ ယခု ဧကအလိုက် စိုက်ပျိုးထားသူများ အခက်တွေ့ရပါကြောင်း၊ အလားတူ ရွှေဖြူခေတ်ဟု ခေတ်ကောင်းခဲ့သော ရော်ဘာပင်ကို တစ်ပိုင်တစ်နိုင်စိုက်ကြရာမှ နိုင်ငံခြားပို့ကုန်အဖြစ် နယ်စပ်ပေါက်အသီးသီး၌ ပွဲစားများ၏ ခြယ်လှယ်သည်‌့ နှုန်းထားဖြင်‌့သာ ဈေးကွက်အဖြစ် ဖန်တီးယူနေကြရပါကြောင်း၊ ရော်ဘာအနေဖြင့် ခိုင်မာသော ပို့ကုန်တစ်ခုအဖြစ်သို့ ရောက်ရှိရန် ကမ္ဘာ့ရော်ဘာ တက်ဈေး/ကျဈေး များနှင်‌့အညီ အရောင်းအဝယ် ဖြစ်ပေါ်နေသည်ကို တွေ့မြင်ကြရပါကြောင်း၊ ယနေ့ သတင်းမီဒီယာ များတွင် လျှော်ဖြူပင်ခေါ် ဆေးကုလားမပင်၏ တန်ဖိုးမြင်‌့မားပုံ၊ ရောင်းတန်းဝင် နိုင်ငံခြားပို့ကုန်အဖြစ် မြင်တွေ့၊ ကြားသိနေရပါကြောင်း၊ လက်တွေ့နယ်ပယ်တွင်လည်း အပူပိုင်းဇုန်ဒေသ အသီးသီးမှ တစ်အုပ်တစ်မ စိုက်ခင်းအဖြစ်လည်းကောင်း၊ သီးညှက်သီးနှံအဖြစ်လည်းကောင်း၊ သီးနှံရောနှော စိုက်ခင်းအဖြစ်လည်းကောင်း စိုက်ပျိုးလုပ်ကိုင်နေကြပြီ ဖြစ်ပါကြောင်း၊ ပင်လယ်ရေမျက်နှာပြင် အမြင်‌့ပေ ရာသီဥတုနှင်‌့ သဘာဝအနေအထားအရ ရှမ်းပြည်နယ်နေရာ အချို့တွင်လည်း ဧကစိုက်ကွက်များ၊ နေကြာပင်များ၊ အရိပ်ရပင်များ မိသားစုဝင်ငွေ တိုးတက်မှုရရှိအောင် စတင်စိုက်ပျိုး လုပ်ကိုင်နေသည်ကိုလည်း မြင်တွေ့ရပါကြောင်း၊ စိုက်ပြီးသုံးနှစ်မှ ငါးနှစ်အတွင်း အစေးစတင် ထုတ်ယူနိုင်ပြီး အနှစ် ၃၀ မှ ၅၀ သက်တမ်းရှည်ကြောင်း သိရှိရပါသည်။ လျှော်ဖြူပင်ခေါ် ဆေးကုလားမပင်မကို စက်မှုကုန်ကြမ်းသီးနှံ အဖြစ်လည်းကောင်း၊ စားသောက်ကုန်ဆေးဝါးနှင်‌့ အလှကုန်လုပ်ငန်း တို့နှင်‌့လည်းကောင်း အဓိကထားသုံးစွဲရသဖြင်‌့ နိုင်ငံခြားမှ ဈေးကြီးပေး၍ ဝယ်ယူလေ့ရှိကြောင်း သိရပါသည်။ ယခုအခါ နိုင်ငံ၏ဒေသ အနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းနိုင်မည်‌့ နေရာများ၌ အသင်းအဖွဲ့များ၏ အဆက်အသွယ်များဖြင်‌့သာ ဖြန့်ကျက်စိုက်ပျိုး နေကြပြီ ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်နေရသည်‌့ ဒေသအသီးသီးမှ တောင်သူကြီးများအတွက် အမှန်တကယ်အကျိုးစီးပွား ဖြစ်ထွန်းမည်ဆိုပါက လျှော်ဖြူပင်ခေါ် ဆေးကုလားမပင်ကို နိုင်ငံတော်မှ တွန်းအားပေးစိုက်ပျိုး လုပ်ကိုင်စေသင်‌့ပါကြောင်း၊ စီးပွားဖြစ် နှစ်ရှည်သီးနှံဖြစ်ခြင်း၊ အပူပိုင်းဇုန် ဒေသများ၌ ဖြစ်ထွန်းသဖြင်‌့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပိုမိုအထောက်အကူ ဖြစ်စေနိုင်ခြင်း၊ မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေရရှိစေခြင်းစသည်‌့ အကျိုးကျေးဇူးများကြောင့် လျှော်ဖြူပင်နှင်‌့ ပတ်သက်သည်‌့ သတင်းအချက်အလက်များနှင်‌့ စိုက်ပျိုးရန်မျိုးစေ့ဖြန့်ဝေခြင်း၊ ဈေးကွက်ဖန်တီး ပေးခြင်းတို့ကို နိုင်ငံတော်အစိုးရမှ ကူညီဆောင်ရွက် ပေးသင်‌့ပါကြောင်း၊ အဓိကအားဖြင်‌့ စမ်းတဝါးဝါးစိုက်ပျိုး လုပ်ကိုင်နေရသော တောင်သူဦးကြီးများအတွက် အာမခံချက်ပေးနိုင်သည်‌့ ဈေးကွက် ဖြစ်ပေါ်လာရေးအတွက် အဓိကကျပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ပါဝင်ဆောင်ရွက် ပေးသည်ဟု ထင်မြင်မိပါသဖြင်‌့ မိမိမေးလိုသည်မှာ မေးခွန်း (၁) တောင်သူဦးကြီးများ မိသားစုအလိုက် ဝင်ငွေ ပိုမိုတိုးတက်ရရှိရေးနှင်‌့ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာ လှပရေးအတွက် အဖိုးတန်နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သော လျှော်ဖြူပင်ခေါ် ဆေးကုလားမပင် စိုက်ပျိုးထုတ်လုပ်ခြင်းကို နယ်ပယ်ဒေသအသီးသီးတွင် စိုက်ပျိုးလုပ်ကိုင်နေပြီဖြစ်သဖြင်‌့ နိုင်ငံတော်အစိုးရမှ ဈေးကွက် ခိုင်မာသည့် နိုင်ငံခြားပို့ကုန်အဆင်‌့ထိ ရောက်အောင်မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။