(ဃ)-အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စုရှိ ရပ်ဆိုင်းထားသော ချဉ်ပေါင်ပျော့ ဖတ်စက်ရုံအား BOT စနစ်ဖြင့် အထည်ချုပ်လုပ်ငန်းအနေဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအုပ်စုရှိ ရပ်ဆိုင်းထားသောချဉ်ပေါင်ပျော့ဖတ်စက်ရုံသည် နှစ်နှစ်ခန့် သာလည်ပတ်ပြီး စက်ကိရိယာများ ချို့ယွင်းသည်ဟူသော အကြောင်းပြချက်ဖြင့် လည်ပတ်ခြင်းမရှိဘဲ ရပ်ဆိုင်းထားသည်မှာ ၁၀ နှစ်ခန့် ကြာမြင့်သွားပြီး မအောင်မြင်သည့် လုပ်ငန်းတစ်ခုဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ လုပ်ကိုင်စားသောက်လျက်ရှိသည့် လယ်ယာမြေဧက ၃၁၁.၉၀ ဧက သီးနှံလျော်ကြေး တစ်ဧကကို ၂၀၀ ကျပ်တိတိပေးပြီး လယ်ယာမြေအတွက် တစ်စုံတစ်ရာ လျော်ကြေးပေးခြင်းမရှိဘဲ သိမ်းယူ၍ စက်ရုံတည်ဆောက်ရန်နှင့် ဂုန်လျှော်စိုက်ပျိုးရန်အတွက် အသုံးပြုထားခြင်းလည်း ဖြစ်ပါကြောင်း၊ သီးနှံလျော်ကြေး ၂၀၀ တွင်လည်း အပြည့်အဝရရှိခြင်း မဟုတ်ဘဲ တစ်ဝက်ခန့်သာ ရရှိခြင်းဖြစ်ပါကြောင်း၊ စက်ရုံကို ၂၀၀၂ ခုနှစ်တွင် တည်ထောင်ပြီး ၂၀၀၇ ခုနှစ်တွင် စတင်လည်ပတ်ခဲ့ရာ စက်ပြင်မွမ်းမံရန်လိုအပ်သည့် ရန်ပုံငွေခက်ခဲခြင်း၊ စက်များ၏ အရည်အသွေးကျဆင်း၍ စွမ်းအားပြည့် မလည်ပတ်နိုင်ခြင်းတို့ကြောင့် နှစ်စဉ်အရှုံးပေါ်ခဲ့ပြီး ရပ်ဆိုင်းထားရသည့် အခြေအနေကို ရောက်ရှိသွားရခြင်း ဖြစ်ပါကြောင်း၊
မိမိတို့ လယ်ယာမြေများကို တစ်စုံတစ်ရာလျော်ကြေး ရရှိခြင်းမရှိဘဲ လက်ရှိလုပ်ကိုင်လျက်ရှိသည့် တောင်သူများဆီမှ လယ်ယာမြေများကို အသိမ်းဆည်းခံထားရသည့် အတွက်ကြောင့် တောင်သူလယ်သမားများနှင့် ကွင်းဆင်း စစ်ဆေးခြင်းဖြစ်ပါကြောင်း၊ လည်ပတ်ခြင်းမရှိဘဲ ရပ်ဆိုင်းထားသော ချဉ်ပေါင်ပျော့ဖတ်စက်ရုံသည် အဆောက်အအုံများလည်း ပြည့်စုံခိုင်ခံ့ကြီးမားစွာရှိနေပြီး စက်ရုံအတွင်းရှိ ချို့ယွင်းနေသည့် စက်ကိရိယာများ နေရာများတွင် အထည်ချုပ်စက်ရုံအတွက် လိုအပ်သည့် စက်ကိရိယာ ပစ္စည်းများကို ပြောင်းလဲတပ်ဆင် လိုက်ခြင်းဖြင့် အထည်ချုပ်စက်ရုံအဖြစ် လည်ပတ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့အပြင် စက်ရုံတည်ရှိရာ ဒေသတွင်အထည်ချုပ် လုပ်ငန်းနှင့်သက်ဆိုင်သည့် ကျွမ်းကျင်သည့် လုပ်ငန်းများပေါများခြင်း၊ လုပ်ငန်းတိုးချဲ့ရေးအတွက် မြေနေရာလုံလောက်စွာရှိနေခြင်း၊ စက်ရုံလည်ပတ် ရေးအတွက် လုံလောက်သော ၄၄၀ ဗို့ အားလိုင်းများ၊ ဓာတ်အားခွဲရုံများ ရှိနေခြင်း၊ အသုံးပြုမည့် ကုန်ကြမ်းနှင့် ထွက်ရှိလာသောကုန်ချော သယ်ယူပို့ဆောင်ရေးအတွက် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်းစသည့် အခြေခံ အဆောက်အအုံများလည်း ပြည့်စုံလုံလောက်စွာ ရှိနေပါကြောင်း၊ BOT စနစ်ဖြင့် အထည်ချုပ်စက်ရုံကြီး လည်ပတ်နိုင်မည်ဆိုပါက ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ပြီး ရင်းနှီးမြှုပ်နှံသူများအတွက်လည်း အဆင်ပြေစေနိုင်မှုများ ရှိစေကာ နိုင်ငံတော်အတွက်လည်း အခွန်ဘဏ္ဍာငွေများ ရရှိနိုင်မည်ဖြစ်သည့် အတွက်ကြောင့် အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။