(င)-မုံရွာမြို့နယ်၊ ကြီးအုပ်ကျေးရွာအုပ်စု၊ ကြီးအုပ်ချောင်းအားပိတ်၍ ရေလှောင်တမံ အကောင်အထည် ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရေလှောင်တမံ တည်ဆောက်ခြင်းအားဖြင့် အကျိုးကျေးဇူးသုံးရပ်ကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ပထမအကျိုးကျေးဇူးက ကြီးအုပ်ကျေးရွာသူ ကျေးရွာသားများ နွေ၊ မိုး၊ ဆောင်း ရာသီသုံးခုလုံးတွင် ရေကို အလုံအလောက် ရရှိနိုင်စေမည်ဖြစ်ပါကြောင်း၊ အဆိုပါ ကြီးအုပ်ချောင်းသည် ကြီးအုပ်ကျေးရွာ၏ အရှေ့ဘက်တွင်ရှိပြီး ဗောဓိတစ်ထောင် တောင်ရိုးပေါ်မှ ရေဆင်းဧရိယာ ၃.၅ မိုင်နှင့် စီးဆင်းလာသည့် ချောင်းတစ်ခု ဖြစ်ပါကြောင်း၊ ကြီးအုပ်ကျေးရွာတွင် အိမ်ခြေ ၃၀၅ အိမ်၊ လူဦးရေ ၁၄၅၀ နေထိုင်ပြီး သောက်ရေသုံးရေအတွက် ထိုချောင်းကို အမှီသဟဲပြုနေရပါကြောင်း၊ မိုးတွင်းအခါတွင် အခက်အခဲမရှိသော်လည်း နွေကာလတွင် ရေသည်ရွှေကဲ့သို့ ရှားပါးပါကြောင်း၊ ရေအတွက် ခွဲတမ်းချရ၊ ရေအတွက် အငြင်းပွားရခြင်းများလည်း ရှိခဲ့သည့်အတွက် ဒေသခံပြည်သူများက ကြီးအုပ်ချောင်းကိုပိတ်ပြီး ဆည်ပြုလုပ်ပေးစေချင ်ကြပါကြောင်း၊
ဒုတိယအကျိုးကျေးဇူးအနေဖြင့် ၎င်းဆည်ပြုလုပ်ခြင်းအားဖြင့် စိုက်ပျိုးရေအတွက်လည်း ရေရရှိနိုင်မည် ဖြစ်ပါကြောင်း၊ ကြီးအုပ်၊ ဘန်ဆီ၊ နိဗ္ဗာန်ဝကျေးရွာများ၏ စိုက်ပျိုးမြေဧက ၁၇၇၃ ဧကရှိ တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အောက်ဖက်အနိမ့်ပိုင်း ကွင်းပြင်ရွာတွေဖြစ်တဲ့ မုံရွေး၊ ကြေးမုံရွာများလည်း စိုက်ပျိုးမြေဧက ထောင်ချီပြီး ရှိပါကြောင်း၊ အဆိုပါကျေးရွာများ၏ စိုက်ပျိုးလယ်ယာမြေ များသည်လည်း ရေလိုအပ်လျက် ရှိပါကြောင်း၊ ယခင် ၁၉၈၀ နှစ် မတိုင်မီက တောပု၊ ကျပိုင်၊ မုံရွေး၊ ကြေးမုံကွင်းများသည် ချင်းတွင်းမြစ်ရေဝင်ပြီး စိုက်ပျိုးမြေကောင်းခဲ့ပါကြောင်း၊ နောက်ပိုင်းတွင် ငါးပေါက်တွဲ၊ ၁၀ ပေါက်တွဲများဖြင့် ရေတားလိုက်သည့်အတွက် မြစ်ရေလိုသလောက်မရ၊ နုန်းမကျဖြစ်ပြီး စိုက်ပျိုးမြေညံ့လာပါကြောင်း၊ ယခုတောင်သူဦးကြီးများသည် နုန်းမကျသည့်အတွက် ဓာတ်မြေသြဇာကူရ၊ မြေအောက်ရေနက် သွားသည့်အတွက် ရေစက်မောင်းဆီကူရစသည့် အပိုသွင်းအားစုများ လိုလာပါကြောင်း၊ ဆည်တည်ဆောက်ခြင်းအားဖြင့် စိုက်ပျိုးရေပိုမိုရရှိလာနိုင်မည် ဖြစ်သည့်အတွက် အထိုက် အလျောက် သက်သာလာမည် ဖြစ်ပါကြောင်း၊ တတိယအကျိုးကျေးဇူးအနေဖြင့် ဗောဓိတစ်ထောင်ဘုရားကြီး၏ နောက်ကျောဘက်တွင်ရှိသည့် ကျောက္ကာ၊ ရွှေမြင်တင်ကာကွယ်တောဧရိယာ ၁၇၉၂၀ ဧက အတွက်လည်း မြေအောက်ရေ၊ စိမ့်ရေရရှိနိုင်မည် ဖြစ်သည့်အတွက် အသုံးဝင်မည်ဖြစ်ပါကြောင်း၊ ၎င်းအတွက် မြန်မာနိုင်ငံအလယ်ပိုင်း မိုးရေချိန်လက်မ ၃၀ ခန့်သာရှိသည့် မိုးနည်းရပ်ဝန်းဒေသတွင် မိုးနည်းသော်လည်း ရေမရှားအောင်၊ ပူပြင်းသော်လည်းမခြောက်သွေ့ရအောင် ကြီးအုပ်ချောင်းကိုပိတ်၍ ရေလှောင်တမံ ပြုလုပ်ပေးရန် လိုအပ်ပါကြောင်း၊ ၎င်းအတွက် ရေလှောင်တမံပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။