(ဂ)-ပဲခူးရိုးမကိုဖြတ်၍ ဖောက်လုပ်ထားသော ကတ္တရာကားလမ်းမကြီးများ၏ လမ်းဘေးဝဲ/ယာတွင် ကျေးရွာချင်းဆက်လမ်းမဟုတ်သော မြေသားတစ်ကြောင်းထိုးလမ်းများ ဖောက်လုပ်ထားခြင်း၊ ဖောက်လုပ်နေခြင်းများကိုတားဆီးရန် မည်သို့စီစဉ်ထားသည်ကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ပဲခူးရိုးမပေါ်တွင် အစိုးရ၏သစ်ထုတ်လုပ်ခြင်းကို ၁၀ နှစ် ရပ်ဆိုင်းထားမည်ဟု ဆိုပါကြောင်း၊ ပဲခူးရိုးမကို ကယ်တင်လိုက်ခြင်းကြောင့် အများပြည်သူများက လှိုက်လှဲစွာ ကြိုဆိုပါကြောင်း၊ ထို့ကြောင့် ပဲခူးရိုးမကြီးသည် နောင် ၁၀ နှစ်ကြာလျှင် စိမ်းလန်းစိုပြည်သော သစ်တောကြီးများဖြင့် ဖုံးလွှမ်းလာလိမ့်မည်ဟု မျှော်လင့်မိပါကြောင်း၊ သို့သော် ပဲခူးရိုးမကြီး၏ အရှေ့ဘက်ခြမ်းနှင့် ပဲခူးရိုးမကြီး၏ အနောက်ဘက်ခြမ်းကို ဆက်သွယ်ဖောက်လုပ်ထားသော လမ်းမကြီးများ ရှိပါကြောင်း၊ အဆိုပါလမ်းမကြီး ငါးခုမှာ ပဲခူးတိုင်းဒေသကြီးတွင် (၁) အုတ်ဖို-စိန်ကန့်လန့်လမ်း၊ (၂) ပေါက်ခေါင်း-အုတ်တွင်းလမ်း၊ (၃) မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး အရှေ့ဘက်ခြမ်းကို ဆက်သွယ် ဖောက်လုပ်ထားသည့် ကိုးပင်-သာဂရလမ်း၊ (၄) မကွေးတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို ဆက်သွယ်ထားသော ချောက်နှင့် ပန်းတင်-နေပြည်တော် လမ်း၊ (၅) မကွေး-ကန်ပြား-ပန်းတင်-နေပြည်တော်လမ်း စုစုပေါင်းလမ်းမကြီး ငါးလမ်းရှိပါကြောင်း၊
၎င်းပဲခူးရိုးမဖြတ် လမ်းကြီးငါးလမ်း၏ လမ်းဘေးဝဲ/ယာများတွင် လမ်းသွယ်၊ လမ်းမြောင်များ ရှိပါကြောင်း၊ အဆိုပါလမ်းသွယ်၊ လမ်းမြောင်လေး များသည် လမ်းမကြီးကို အခြေပြုပြီးမှ ဖြစ်ပေါ်လာသော လမ်းသွယ်၊ လမ်းမြောင်ကြီးများ ဖြစ်ပါကြောင်း၊ ဟိုယခင်က အဆိုပါလမ်းသွယ်၊ လမ်းမြောင်လေးများသည် လှည်းသာမောင်းလို့ရသည့် လမ်းသွယ်ကျဉ်းကျဉ်း လမ်းကြမ်းများ ဖြစ်ခဲ့ပါကြောင်း၊ ယခု လှည်းလမ်းကြီးများသည် အဆင့်မြင့်သွားပြီ ဖြစ်ပါကြောင်း၊
တိုးတက်လာသည့် စက်ယန္တရားများကြောင့် မြန်မာ့သစ်တောများ ပြုန်းတီးလာခြင်း၊ Chain-saw ခေါ် လက်ကိုင်စက်လွှများကို အသုံးပြုထားတာကြောင့် သစ်ပင်ကြီးတစ်ပင်သည် နာရီပိုင်းအတွင်း အစိတ်စိတ်အမွှာမွှာ၊ အစိတ်အစိတ် အပိုင်းပိုင်းဖြစ်သွားနိုင်ပါကြောင်း၊ Chain-saw ခေါ် လက်ကိုင်စက်လွှကြီးများကဲ့သို့ ယနေ့ သစ်တောများကို အန္တရာယ်ပြုနေသော လယ်ထွန်စက် (Dozer) များ ပေါ်လာပြီဖြစ်ပါကြောင်း၊ အဆိုပါလယ်ထွန်စက်များသည် လယ်ကိုထွန်နိုင်သကဲ့သို့ မြေကိုလည်း ညှိနိုင်ပါတယ်။ မြေကိုလည်းပြင်နိုင်ပါကြောင်း၊ ထို့ကြေင့် အဆိုပါ Dozer များကို အသုံးပြုပြီး သစ်ခိုးသမားများသည် သစ်တောထဲကိုဝင်သည့် သစ်ခိုးလမ်းများကို ပြုပြင်ဖောက်လုပ် နေသည်ကို မိမိတို့ တွေ့ရှိရပါကြောင်း၊
သစ်ခိုးသည့်ယာဉ်ကြီးများသည် ယခုကဲ့သို့ နွေရာသီခြောက်သွေ့ကာလတွင် အလွယ်တကူ ဝင်ရောက်နေနိုင်ပါကြောင်း၊ ယခုလို သစ်ခိုးသည့်မြေစား တစ်ကြောင်းထိုး လမ်းများအကြောင်းကို သက်ဆိုင်ရာက မသိကြဘူးလားဟု မေးချင်ပါကြောင်း၊ အဆိုပါလမ်းများသည် ပြည်ထောင်စု ဘတ်ဂျက်က လည်းမဟုတ်၊ တိုင်းဒေသကြီး ဘတ်ဂျက်ကလည်းမဟုတ် သစ်ခိုးသည့်လူတစ်စု စုပေါင်းညီညာစွာဖြင့် ဖောက်ထားသော လမ်းများဖြစ်ပါကြောင်း၊ အဆိုပါလမ်းများသည် အလွန်ကောင်းမွန်လှည်ကို တွေ့ရှိရပါကြောင်း၊ မူလတုန်းက လှည်းလမ်းလေးများသာ ဖြစ်ပါကြောင်း၊ ယခုလိုအဆင့်မြင့် ယန္တရားကြီးများဖြင့် သစ်တောထဲက သစ်ခိုးလမ်းများကို မည်ကဲ့သို့ တားဆီးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။