(ဃ)-ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၁)၊ စက်မှုဇုန်(၂)နှင့်စက်မှုဇုန်(၃)နယ်မြေအတွင်းရှိစက်မှုလက်မှုလုပ်ငန်းရှင်များအတွက် လိုအပ်လျက်ရှိသော စက်ရုံအလုပ်ရုံမြေနေရာရရှိရေး မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင်‌့စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်အတွင်းမှာ စက်မှုဇုန် (၁)၊ (၂)၊ (၃)၊ (၁၄၄)ရွာသာကြီးရပ်ကွက် စက်မှုဇုန်များရှိရာ စက်ရုံအလုပ်ရုံပေါင်းက ၁၀၀၀ ကျော်၊ လုပ်ငန်းငယ်များ၊ ဆိုင်ခန်းများ ပါဝင်ပါက ၂၀၀၀ ခန့်ရှိပါကြောင်း၊ ၎င်းစက်ရုံ၊ အလုပ်ရုံများကြောင့် နိုင်ငံတော်အတွင်း SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခဲ့ပြီး ပြည်ပသွင်းကုန် လျှော့ချနိုင်ခဲ့ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း) အပါအဝင် ရန်ကုန်တိုင်းတစ်ခုလုံး၏ အလုပ်အကိုင် အခွင်‌့အလမ်းများကိုလည်း များစွာဖြစ်ပေါ် စေခဲ့ပါကြောင်း၊ စက်မှုဇုန်များကို ပြန်လည်လေ့လာ သုံးသပ်မည်ဆိုပါက စက်မှုဇုန်မြေကွက် ချထားပြီးကတည်းက ကိုယ်တိုင်အစဉ်အဆက် လုပ်ကိုင်နေသူများ ရှိသကဲ့သို့ ယခုအချိန်ထိ မည်သည်‌့လုပ်ငန်းကိုမျှ မလုပ်ဘဲ စက်မှုဇုန်မြေကွက် များလည်း ရှိနေသည့်အပြင် ကိုယ်တိုင်မလုပ်ဘဲ စက်မှုဇုန်မြေနေရာရယူပြီး လုပ်ငန်းလုပ်ကိုင်သော လုပ်ငန်းရှင်များကို အခကြေးငွေဖြင့် ငှားထားသူများ လည်းရှိပါကြောင်း၊ ၎င်းအတွက် မြေနေရာယူထားပြီး လုပ်ငန်းမဆောင်ရွက်သူများ၊ မြေနေရာအငှား ချထားသူများနှင့် ပတ်သက်၍လည်း မည်သို့မျှဝေဖန် အကြံပြုခြင်း မပြုသော်လည်း အမှန်တကယ် စက်မှုလက်မှု လုပ်ငန်း ကိုယ်တိုင်လုပ်ကိုင်နေသော စက်မှုဇုန်မြေနေရာမရှိဘဲ လုပ်ကိုင်နေကြရသဖြင်‌့ ၎င်းလုပ်ငန်းရှင်များကို ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ မေးမြန်းရခြင်းဖြစ်ပါကြောင်း၊ ဥပမာ ရွာသာကြီး စက်မှုဇုန်ဆိုလျှင် စက်ရုံ ၁၆၇ ရုံချထားပေးသော်လည်း အမှန်တကယ်လုပ်သည့် စက်ရုံ ၉၉ ရုံရှိပြီး ဂိုဒေါင်ခြံခတ်၊ လစ်လပ် ၆၈ လုံးဖြစ်နေပါကြောင်း၊ ကိုယ်တိုင်လုပ်ကိုင်သူက မြေငှားခတစ်နေ့တစ်နေ့ ကြီးမြင်‌့လာခြင်း၊ ငှားခတိုးကောက်ခံရခြင်း၊ လုပ်ငန်းပမာဏ တိုးချဲ့ကိုယ်ပိုင်စက်မှုဇုန်မြေ မဟုတ်သဖြင်‌့ မဆောင်ရွက်နိုင်ခြင်းအပြင် ဆက်၍မငှားခြင်းစသည်‌့ အခက်အခဲများ ဖြစ်နေပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များနှင်‌့ ဌာနဆိုင်ရာများ၊ စက်မှုဇုန်ကြီးကြပ်ကော်မတီများ တွေ့ဆုံပွဲ တွင်လည်းကောင်း၊ ရန်ကုန်စက်မှုဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များတွေ့ဆုံပွဲ တွင်လည်းကောင်း၊ ကူညီဆောင်ရွက်ပေးနိုင်ပါရန် ဆွေးနွေးခဲ့ကြပါကြောင်း၊ ပထမအဆင်‌့ မြေနေရာ  အစိုးရစက်မှုဇုန် ဈေးနှုန်းဖြင်‌့ ဝယ်ယူလိုပါသဖြင်‌့ စက်မှုဇုန် (၁) မှလုပ်ငန်းရှင်များမှ အကူအညီတောင်းခံပါကြောင်း၊ ဆက်လက်၍လည်း တောင်းခံနေပါကြောင်း၊ ၎င်းစာရင်းကို ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးချုပ်ထံ တင်ပြတောင်းခံပေးခဲ့ပါသော်လည်း စက်မှုဇုန်နှင်‌့ကပ်လျက် ဧက ၆၀ ခန့် မြေကွက်ရှိသော်လည်း ယခုအခါ ရန်ကုန်တိုင်းအစိုးရမှ ကုမ္ပဏီတစ်ခုသို့ ချထားပေးခဲ့ကြောင်း သိရှိရပါသည်။ ၎င်းလုပ်ငန်းရှင်များအား အစိုးရ၏သတ်မှတ်သော မြေဈေးနှုန်းဖြင်‌့ စက်ရုံအလုပ်ရုံချထား ပေးမည်ဆိုပါက SME  လုပ်ငန်းများ ပိုမိုတိုးတက်စေမည်‌ဖြစ်ပြီး ဒေသတွင်းအလုပ်အကိုင် အခွင်‌့အလမ်းများလည်း ပိုမိုပေါ်ပေါက်လာမည် ဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ် များအနေဖြင်‌့ Transformer Meter ရရှိရေး၊ အမှိုက်သိမ်းသန့်ရှင်းရေး၊ လမ်းခင်းခြင်းအပါအဝင် အမျိုးမျိုးကို ညှိနှိုင်းဆောင်ရွက် ပေးနိုင်ခဲ့ပါသော်လည်း မြေနေရာရရှိရေးက နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးမှသာ ဖြစ်ထွန်းမည် ဖြစ်ပါကြောင်း၊ ယခုအခါ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ စက်မှုလျှပ်စစ်နှင်‌့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးဆောင်၍ စက်မှုစည်းစိမ်ဇုန် ကြီးကြပ်ရေးကော်မတီကလည်း ပြန်လည်ဖွဲ့စည်းပြီး ဆောင်ရွက်နေခြင်းလည်း ဖြစ်ပါကြောင်း၊ သို့ပါ၍ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင်ရှိသည့် စက်မှုဇုန်(၁)၊ (၂)၊ (၃)အတွင်းရှိသော စက်မှုလက်မှုလုပ်ငန်း ရှင်များအတွက် စက်ရုံအလုပ်ရုံ မြေနေရာများ ချထား‌ပေးပါရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။