(င)-ဘားအံမြို့နယ်အတွင်းရှိ အိန္ဒု-ဂျိုင်း-ကော့ကရိတ်လမ်းမကြီးအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
အိန္ဒု-ဂျိုင်း-ကော့ကရိတ်လမ်းမကြီးအား ကောင်းမွန်သည့်အစီအမံများနှင့် ပြုပြင်ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အနေဖြင့် သွားလာနိုင်သည့်မြို့များမှာ ဘားအံမှ အိန္ဒု၊ အိန္ဒုမှ ဂျိုင်း၊ ဂျိုင်းမှ ကော့ကရိတ်၊ မြဝတီသို့ ဆက်သွယ်သွားလာနိုင်သကဲ့သို့ အိန္ဒုကနေ မွန်ပြည်နယ် သထုံ၊ မော်လမြိုင်မြို့များမှတစ်ဆင့် ရန်ကုန်မြို့အထိ ပေါက်ရောက်သွားလာနိုင်ခြင်းကြောင့် အာရှလမ်းကြီး၏ ဒုတိယပိုင်းဟုလည်း ခေါ်ဆိုကြပါကြောင်း၊ ၎င်းမှာ စီမံကိန်း၏အချက် အလက်များကို ဖော်ပြထားခြင်းဖြစ်ပြီး လမ်းမကြီး၏ ပြုပြင်ခြင်းကို ဇူလိုင်လ ၄-၇-၂၀၁၆ ရက်နေ့တွင် စတင်ခဲ့သော်လည်း လုပ်ငန်းမပြီးဆုံးမီ ၂၀၁၇ ခုနှစ်အတွင်း ရပ်ဆိုင်းထားခဲ့ရာက ယနေ့ထက်တိုင် ဖြစ်ပါကြောင်း၊ အိန္ဒု-ကော့ကရိတ် လမ်းပိုင်းတွင် မိုးရာသီကာလအတွင်း လမ်း၊ တံတားပျက်စီးနေမှုများကို တွေ့ရှိရပါကြောင်း၊ အဆိုပါ အိန္ဒု-ဂျိုင်း-ကော့ကရိတ်လမ်းမကြီးသည် တစ်နေ့လျှင် ကားအစီးရေ ၃၀၀၀ ခန့် ဖြတ်သန်းသွားလာလျက်ရှိပြီး ပျက်စီးနေခြင်းကြောင့် မြေပြင်အခြေအနေမှာ ၁၂ ဘီးကား၊ ၂၂ ဘီးကားများမှာ လမ်းပိတ်ထားမှုကြောင့် အိန္ဒုကျေးရွာအတွင်းလမ်းကို အသုံးပြုကြသည့်အတွက် ကျေးရွာလမ်းများ ပျက်စီးမှုကိုလည်း ဖြစ်စေပါကြောင်း၊ ကရင်ပြည်နယ်တွင် လေယာဉ်လမ်း၊ မီးရထားလမ်း၊ ရေကြောင်းလမ်းများမရှိပါကြောင်း၊ အဆိုပါကုန်းလမ်းတစ်ခုကိုသာ အားကိုးအားထား ပြုနေရခြင်းကြောင့် အိန္ဒု-ဂျိုင်း-ကော့ကရိတ်လမ်းမကြီး ကောင်းမွန်ရန်မှာလည်း ဒေသတစ်ခုလုံးအတွက် အရေးကြီးပါကြောင်း၊ ထို့အပြင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲနိုင်ခြင်းမရှိကြောင်းကိုလည်း သိရှိထားပြီး ဖြစ်သောကြောင့် ပြည်သူလူထု၏ ဆန္ဒအရ အိန္ဒု-ဂျိုင်း-ကော့ကရိတ်လမ်းမကြီးအား အမြန်ဆုံးပြီးစီးအောင် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။