(စ)-၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးဥပဒေအား ခေတ်နှင့်လျော်ညီသော ဥပဒေအဖြစ် ပြင်ဆင်ပေးရန် သို့မဟုတ် အသစ်ရေးဆွဲရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေကို ၈-၅-၁၉၆၀ ရက်နေ့တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ပြဋ္ဌာန်းခဲ့သည့်ကာလက ၅၈ နှစ်ရှိပြီး နှစ်ကြိမ်ခန့် ပြင်ဆင်ခဲ့ပြီးလည်း ဖြစ်ပါကြောင်း၊ မူလရည်ရွယ်ချက်က မြို့ပြများရှိ ဥပစာများကို အချုပ်အချယ်မရှိ ငှားရမ်းရန်နှင့် ငှားရမ်းခအဆမတန် တောင်းခြင်းကို ပိတ်ပင်ရန်ဖြစ်ပါကြောင်း၊ ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး အက်ဥပဒေသည် အိမ်ငှားများကို အကာအကွယ်ပေးရန် အဓိကပြဋ္ဌာန်း ထားသော ဥပဒေဖြစ်ပြီး ပုဒ်မ ၁၂ က အိမ်ရှင်က အိမ်ငှားကို ဖယ်ရှားပေးရန် ပြဋ္ဌာန်းချက်များ ဖြစ်ပါကြောင်း၊ အဆိုပါဥပဒေက အိမ်ရှင်က အိမ်ငှားကို အိမ်ငှားခပေးရန် ပျက်ကွက်လျှင် အငှားချထားမှု ပဋိဉာဉ်ကို ချိုးဖောက်လျှင်၊ အနီးအနားတွင်နေထိုင်သည့် သူများကို စိတ်အငြိုအငြင်ပေးလျှင်၊ ဥပစာကို ညစ်ညမ်းသောကိစ္စ သို့မဟုတ် ဥပဒေနှင့်ဆန့်ကျင်သည့် ကိစ္စများအတွက် အသုံးပြုလျှင်ပြုန်းတီးမှု၊ ပေါ့လျော့မှု၊ ပျက်ကွက်မှုကြောင့် ဥပစာအခြေအနေ ဆိုးရွားစေလျှင်၊ ဥပစာကို အဆောက်အဦဆောက်ရန် သို့မဟုတ် ပြန်လည်ဆောက်လုပ်ရန် အိမ်ငှားပြောင်းရွှေ့ပြီး တစ်နှစ်အတွင်း အပြီးဆောက်လုပ်၍ အိမ်ငှားခပြန်လည်အငှားချထားရန် ခံဝန်ချုပ်ဖြင့် ဖယ်ရှားစေချင်လျှင်၊ ဥပစာပိုင်ရှင်က မိမိကိုယ်တိုင်နေထိုင်ရန် ဖယ်ရှားစေချင်လျှင်၊ အိမ်ရှင်က အိမ်ငှားကို ဖယ်ရှားနိုင်သည်ဆိုသည့် အချက်ခုနစ်ချက်ကို တွေ့ရှိရပါကြောင်း၊  သို့သော်လည်း ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ၊ ပဋိဉာဉ်ဥပဒေ၊ ရန်ကုန်မြို့တော် တရားရုံးများအက်ဥပဒေ ပါ အချက်ခုနစ်ချက်အရ အိမ်ငှားကို နှင်ထုတ်ပိုင်ခွင့်ရှိပါကြောင်း၊ အဆိုပါဥပဒေသည် အိမ်ငှားအား အကာအကွယ်ပေးထားပြီး အိမ်ငှားအား နှင်ထုတ်ရန်ခက်ခဲခြင်း၊ အမှုအနိုင်ရရှိရန် ခက်ခဲခြင်း၊ အမှုအချိန်ကြာမြင့်ခြင်း၊ အိမ်ငှားအား တစ်ဖက်သတ် ကာကွယ်ပေးထားသည့်  ၁၉၆၀ ပြည့်နှစ်၊ မြို့ပြဆိုင်ရာ ငှားရမ်းခကြီးကြပ်ရေး ဥပဒေပါ အိမ်ရှင်၊ အိမ်ငှားအတွက် တရားမျှတမှု မရှိကြောင်းကို တွေ့ရှိရပါသည်။ နောက်တစ်ချက်အနေဖြင့် နေအိမ်ဥပစာလွတ်ပါက အိမ်ရှင်က အိမ်ငှားငှားရမ်းခကို ကြီးကြပ်ရေးဝန်ထံ လျှောက်ထားရမည်ဆိုသော်လည်း လျှောက်ထားခြင်းမရှိပါကြောင်း၊ စံငှားရမ်းခ သတ်မှတ်ရန်ဆိုသော်လည်း လျှောက်ထားခြင်းမရှိပါကြောင်း၊ ငှားရမ်းခတိုးမြှင့်တောင်းခံလိုပါက ငှားရမ်းခကြီးကြပ်ရေးဝန်ထံ လျှောက်ထားရမည်ဆိုသော်လည်း လျှောက်ထားခြင်းမရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါဥပဒေသည် ဘက်လိုက်ရေးဆွဲထားသော ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး ဥပဒေသည် ပြောင်းလဲနေသည့်ခေတ်နှင့် မညီသည့်အတွက် အိမ်ရှင်/အိမ်ငှား နှစ်ဦးနှစ်ဖက် မျှတသော မြို့ပြဆိုင်ရာငှားရမ်းခ ကြီးကြပ်ရေး ဥပဒေအဖြစ် ပြင်ဆင်ပေးရန် သို့မဟုတ် အသစ်ရေးဆွဲပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။