(က)-လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဦးစီးဌာနမှ ကျေးရွာတွင်း ၄၀၀ ဓာတ်အားလိုင်းသွယ်တန်းရာတွင် ၁ မိုင် နှုန်းထားကို မည်မျှသတ်မှတ်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

မိမိတို့ မဲဆန္ဒနယ်တွင် ပြီးခဲ့သည့်ခြောက်လ ဘတ်ဂျက်မှာ တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် ကျေးရွာပေါင်း ၁၃ ရွာကျော်ကို မီးလင်းခဲ့ပါကြောင်း၊ ၎င်းကျေးရွာများ မီးသွယ်တန်းသည့် နေရာတွင် ကျေးရွာတွင်း ၄၀၀ ဓာတ်အားလိုင်းကို တစ်မိုင်ကို ၂၄ သိန်းဖြင်‌့ ဌာနမှသွယ်တန်း ခဲ့ကြပါကြောင်း၊ ပထမဈေးနှုန်းပြောစဉ်က တစ်မိုင်ကို ၂၄ သိန်း၊ ထမင်းလည်း ကျွေးစရာမလို၊ ရေလည်းတိုက်စရာမလို ကြောင်း ပြောခဲ့ပါသည်။ အမှန်တကယ် သွယ်တန်းသည့်အခါ ကျေးရွာများက မီးအမြန်လင်းချင်သည့်အတွက် မီးတိုင်များလည်း ကူစိုက်ခြင်း၊ ကြိုးများလည်း ကူဆွဲခြင်း၊ ထမင်းလည်းကျွေးခြင်း တချို့ဆို အရက်၊ ဘီယာပါ တိုက်ကြပါကြောင်း၊

၄၀၀ ဓာတ်အားလိုင်းမှ အိမ်သို့ Main ကြိုးသွယ်တန်းခ၊ မီတာတပ်ဆင်ခ၊ အိမ်တွင်းမီးနှစ်ပွင့် တစ်ပလက်တစ်ခု တပ်ဆင်ခကို ၂၅၀၀၀ ကျပ် တောင်းယူခဲ့သဖြင့် တိုင်းဒေသကြီး အစိုးရဝန်ကြီးချုပ်မှ တစ်တိုင်းလုံး တစ်ပြေးညီ ၁၅၀၀၀ ကျပ်ဖြင့်ညှိနှိုင်း ပေးခဲ့ပါသော်လည်း အဆင်မပြေခဲ့ပါကြောင်း၊ အမှန်တကယ် Meter Box တစ်လုံး၏ တန်ကြေးသည် ၄၅၀၀၀ ကျပ်ဖြစ်ပြီး သွယ်တန်းခ၊ တပ်ဆင်ခက ၂၅၀၀၀ ကျပ် ဖြစ်နေသဖြင့် ဆင်ဖိုးထက်ချွန်းဖိုး ကြီးနေသည်ကို တွေ့ရှိရပါကြောင်း၊ အချို့ကျေးရွာများတွင် ဈေးနှုန်းများကို တိတိကျကျ ပွင့်လင်းမြင်သာစွာ မသိရှိရသဖြင့် ၂၀၀၀၀ ကျပ် ဆိုလည်း ပေးလိုက်ခြင်း ဖြစ်ပါကြောင်း၊ ၂၅၀၀၀ ကျပ်ဆိုလည်း ပေးလိုက်ခြင်း ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် မီးရဖို့အတွက်သာ မြင်ပြီးငွေကုန်သည်ကို မမြင်တော့ပါကြောင်း၊ ၎င်းတင်သာမက ဌာနနှင့်မသွယ်ချင်သဖြင့် အသိအမှတ်ပြုလက်မှတ်ရ ကုမ္ပဏီများ၊ အဖွဲ့အစည်းများနှင့် သွယ်တန်းမည်ဆိုသော်လည်း လွယ်လွယ်ဖြင့် ခွင့်မပြုပါကြောင်း၊ သို့သော်လည်း နောက်ဆုံး ဌာနဖြင့် အဆင်ပြေအောင် သွယ်တန်းခဲ့ကြပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီးသွယ်တန်းရာတွင် ပွင့်လင်းမြင်သာစွာ ရှိစေရန် တစ်နိုင်ငံလုံးသတ်မှတ်နှုန်းထားများ တစ်ပြေးညီဖြစ်စေရန်နှင့် လျှပ်စစ်မီး သွယ်တန်းရာတွင် လွယ်ကူမြန်ဆန်စေရန်အတွက် အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။