(က)-လယ်ယာမြေထောက်ပံ့ကြေးနည်းပါးစွာရရှိခဲ့သူများအတွက် တန်ဖိုးနည်းအိမ်ရာမြေကွက်များ ဖော်ထုတ်ရောင်းချပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

နေပြည်တော်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရာတွင် ဒေသခံတောင်သူများထံမှ ရွာမြေ၊ လယ်ယာမြေနှင်‌့ အခြားမြေအမြောက်အမြားကို တပ်မတော်အစိုးရက သိမ်းဆည်းခဲ့ပါကြောင်း၊ ရွာမြေသိမ်းဆည်းခံရသော ပြည်သူများအတွက် ရပ်ကွက်အသစ်များ ဖော်ထုတ်၍ ပြန်လည်နေရာ ချထားပေးခဲ့ပါကြောင်း၊ လယ်ယာမြေနှင့် အခြားမြေသိမ်းဆည်းခံခဲ့ရသည့် အချို့တောင်သူများလည်း မြေယာထောက်ပံ့ကြေးအပြင် မြို့မြေကွက်များ ရရှိခဲ့ကြပါကြောင်း၊ တောင်သူအများစုတွင် ဦးပိုင် ပေါက်လယ်အတွက် တစ်ဧကသုံးသိန်းခွဲနှုန်း၊ ယာအတွက်တစ်ဧက နှစ်သိန်းခွဲနှုန်းဖြင့် သစ်တော ကျူးလယ်အတွက် တစ်ဧကနှစ်သိန်းနှုန်း၊ ယာအတွက်တစ်သိန်းနှုန်း မြေယာထောက်ပံ့ကြေးသာ ရရှိခဲ့ကြပါကြောင်း၊ နေပြည်တော်ရှိ သိမ်းဆည်းခံမြေများသည် မြို့မြေများအဖြစ် သတ်မှတ်ပြီး ဖြစ်နေသောကြောင့် တောင်သူများအား ပြန်လည်စွန့်လွှတ်ရန် အခက်အခဲများ ရှိနေပါကြောင်း၊ သိမ်းဆည်းခံ တောင်သူများအတွက် နစ်နာမှုမရှိစေရန် နည်းလမ်းသစ်များဖြင့်ဖြေရှင်း ဆောင်ရွက်ပေးရန် လိုအပ်နေပါကြောင်း၊ နေပြည်တော်မြို့သစ် စီမံကိန်းကြီးတွင် ကုမ္ပဏီကြီးများ၊ တပ်မတော်သားများနှင့် ဝန်ထမ်းများအတွက် မြို့မြေကွက်အမြောက်အမြားကို ခွဲဝေချထား ပေးခဲ့ပါကြောင်း၊ ပြည်သူများဝယ်ယူရန် မြေကွက်တန်ဖိုး ကျပ်သိန်းနှစ်ဆယ်၊ သုံးဆယ်သတ်မှတ် ရောင်းချခဲ့သော်လည်း ရိုးသားသည့် ပြည်သူများဝယ်ယူရန် မြေကွက်မရှိခဲ့ပါကြောင်း၊ ကျေးလက်နေ ပြည်သူများအတွက် စိုက်ပျိုးမြေ နည်းပါးလာခြင်းကြောင့် ရွာမြေများမချဲ့နိုင်ခြင်း၊ တိုးပွားလာသည့် လူဦးရေတို့ကြောင့် ဒေသခံပြည်သူများအတွက် အိမ်ရာမြေကွက်များ လိုအပ်လျက်ရှိနေပါကြောင်း၊ သိမ်းဆည်းခံ တောင်သူများက ယခုအခါ ထောက်ပံ့ကြေးရရှိမှု နည်းပါးခဲ့ခြင်းကြောင့် ထပ်မံရရှိ လိုမှုများတင်ပြနေကြပြီး အကောင်အထည်မဖော်သော မြေများအတွင်း ကျူးကျော်ထွန်ယက် စိုက်ပျိုးမှုများလည်း ရှိနေပါကြောင်း၊ အချို့မြေဝယ်ခွင့် ရရှိသူများနှင့် တောင်သူများအကြား တရားစွဲဆို ရင်ဆိုင်နေရမှုများလည်း ရှိနေပြီး လယ်ယာမြေထောက်ပံ့ကြေး နည်းပါးစွာရရှိခဲ့သူများအတွက် တန်ဖိုးနည်းအိမ်ရာ မြေကွက်များ ဖော်ထုတ်ရောင်းချပေးပါက ဒေသခံပြည်သူများအတွက် အိမ်ရာမြေကွက် လိုအပ်ချက်နှင့် အခြားပြဿနာများ ပြေလည်လျော့ပါးသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်ပါမေးခွန်းကို သက်ဆိုင်ရာသို့ မေးမြန်းရခြင်းဖြစ်ပြီး လယ်ယာမြေထောက်ပံ့ကြေး နည်းပါးစွာ ရရှိခဲ့သူများအတွက် တန်ဖိုးနည်းအိမ်ရာမြေကွက်များ ဖော်ထုတ်ရောင်းချပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။