(ဂ)-ဆင်ခြေရာကျေးရွာအုပ်စုနှင့် သင်္ကန်းကြီးကျေးရွာ အုပ်စုတွင်ရှိသော သာပေါင်းစက္ကူစက်ရုံမှ သိမ်းဆည်းထားသော သင်္ကန်းလေးဆားကွင်းအား မူလပိုင်ရှင်လယ်သမားများက တရားဝင်ပုံစံ (၇) နှင့် အညီရရှိအောင် မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့မေးခွန်း

2020-12-27

 

လပွတ္တာမြို့နယ်၊ ဆင်ခြေရာကျေးရွာအုပ်စုနှင့် သင်္ကန်းကြီးကျေးရွာအုပ်စုတွင်ရှိသော သာပေါင်း စက္ကူစက်ရုံမှ သိမ်းဆည်းထားသော သင်္ကန်းလေးဆားကွင်းအား ၂၉-၁၂-၂၀၁၅ ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြန်လည်အပ်နှံခဲ့ရာ မူလပိုင်ရှင်လယ်သမားများက မိမိတို့ လယ်ယာမြေများကို တရားဝင်ပုံစံ(၇)နှင့်အညီရရှိအောင် သက်ဆိုင်ရာမှ မည်သို့ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည်‌့မေးခွန်း

လပွတ္တာမြို့နယ်၊ ဆင်ခြေရာကျေးရွာအုပ်စုနှင့် သင်္ကန်းကြီးကျေးရွာ အုပ်စုတွင်ရှိသော စက်မှုလက်မှု ဝန်ကြီးဌာနအောက်ရှိ သာပေါင်းစက္ကူစက်ရုံမှ တာဝန်ယူလုပ်ကိုင်ခဲ့သော သင်္ကန်းလေးဆားကွင်းအား သားပေါင်းစက်ရုံ၏ တာဝန်ရှိသူများက ၂၉-၁၂-၂၀၁၅ ရက်နေ့တွင် ၎င်းတို့သိမ်းဆည်းခဲ့သော ဆားပင်များအား လပွတ္တာမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ပြန်လည်စွန့်လွှတ် အပ်နှံခဲ့ပါကြောင်း၊ ထို့ကြောင့် စွန့်လွှတ်မြေများအား ကျေးရွာလယ်စစ်များ၊ မြို့နယ်လယ်စစ်များနှင့် ခရိုင်လယ်စစ်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် များက အကြိမ်ကြိမ်စိစစ်ပြီး မူလတောင်သူဖြစ်သူ ၁၈ ဦးနှင့် တစ်နိုင်တစ်ပိုင်ဆားလုပ်ငန်း လုပ်ကိုင်သူ ၅ ဦးအား စုစုပေါင်း ၂၃ ဦး ကို စိစစ်တွေ့ရှိခဲ့ပါကြောင်း၊ တွေ့ရှိချက်နှင့် ဆောင်ရွက်ချက်များကိုလည်း တိုင်းဒေသကြီးအဆင့်ဆင့်၊ လယ်ယာမြေနှင့် အခြားမြေများ၊ အသိမ်းဆည်းခံရသူများ ပြန်လည် စိစစ်ရေးကော်မတီသို့ တင်ပြခဲ့ပါကြောင်း၊

နယ်မြေသို့လည်း မိမိနှင့်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်စာရင်းစစ်ဦးစီးမှူးတို့ ကွင်းဆင်းလေ့လာခဲ့ကြပါကြောင်း၊ တရားဥပဒေအရ အသိမ်းဆည်းခံရသော လယ်မြေများကို တရားဝင်ပိုင်ဆိုင်ခွင့်ရရှိရန် စက်မှုဝန်ကြီးဌာနမှ ဦးဆောင်၍ သာပေါင်းစက္ကူစက်ရုံမှူးနှင့် လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးများမှ တရားဝင်ဥပဒေ လုပ်ထုံးလုပ်နည်း များနှင့် လုပ်ကိုင်ဆောင်ရွက်ပေးမှသာ တရားဝင်ပိုင်ဆိုင်မှု ရရှိမည်ဖြစ်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးမှတစ်ဆင့် သိရှိလိုပါကြောင်း မေးမြန်းပါသည်။