(စ)-ထားဝယ်-မြိတ် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းတွင် ပါဝင်သွားသော မြေယာများအတွက် မြေယာ လျော်ကြေး ပေးအပ်ရန် မူလလက်ရှိ လုပ်ကိုင်ခဲ့သည်‌့ တောင်သူလယ်သမားများလက်သို့ ပြန်လည် ပေးအပ်ရန် အစီအစဉ် ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ထားဝယ်-မြိတ် ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းတွင် ပါဝင်သွားသော မြေယာများအတွက် မြေယာ လျော်ကြေးပေးအပ်ရန် သို့မဟုတ် ရထားလမ်းအဖြစ် ဆက်လက်အသုံးမပြုသည့် ထိုမြေယာများကို မူလလက်ရှိထားလုပ်ကိုင်ခဲ့သည်‌့ တောင်သူလယ်သမားများလက်သို့ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်-မြိတ်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းကို ရထားပို့ဆောင် ရေးဌာနက ၂၁-၁၂-၂၀၀၈ ရက်နေ့မှစ၍ လမ်းအူကြောင်း တိုင်းတာခြင်းနှင်‌့ တာပေါင်မြေကြီး လုပ်ငန်းများကို ပြုလုပ်ခဲ့ကြောင်း၊ အစပထမတွင် ထားဝယ်-သရက်ချောင်း မိုင် ၂၀ အကွာအဝေးရှိ သံလမ်းခင်း လုပ်ငန်းပြီးစီးပြီး ၄-၆-၂၀၁၁ ရက်နေ့မှစ၍ ရထားပြေးဆွဲခဲ့ကြောင်း၊ ထိုသို့ ထားဝယ်-သရက်ချောင်း ခရီးစဉ်ပြေးဆွဲရာမှ ၂၉-၁၂-၂၀၁၁ ရက်နေ့မှစပြီး ခရီးစဉ်ကိုရပ်နားခဲ့ကြောင်း၊ ထို့အပြင် ထားဝယ်-ဇလွန် ဘူတာမှ ထားဝယ်ဆိပ်ကမ်းဘူတာထိ ယခင်က ရထားလမ်းပြေးဆွဲ ခဲ့သော်လည်း ၁၅-၅-၂၀၁၅ ရက်နေ့မှစ၍ ခရီးစဉ်ရပ်နားခဲ့ကြောင်း၊ ထားဝယ်-မြိတ်ရထားလမ်း ဖောက်လုပ်ရေးစီမံကိန်းတွင် အကွာအဝေးအားဖြင်‌့ ၁၃၂ မိုင်ခန့်ရှိပြီး ထားဝယ်မြို့နယ်မှ လယ်မြေ ၁၅၁.၀၅ ဧက၊ သရက်ချောင်းမြို့ နယ်မှလယ်မြေ ၁၇၀.၉၉ ဧကနှင်‌့ ဥယျာဉ်ခြံမြေ ၃.၂၈ ဧကအပြင် ရေနုတ်မြောင်းတူးဖော်ရာတွင် ကျောက်မော်နှင့် ကူးတို့ကွင်းတို့မှ လယ်ဧရိယာ ၈၉.၃၃ ဧကပါဝင်သွားသည်ဟု သိရှိရကြောင်း၊ ထို့အပြင် သမုတ်-ဘုတ်ခြံလမ်းပိုင်း ပဆွပ်မှရော်ဘာခြံ ၉၈.၇၆ ဧက၊ သမုတ်မှလယ်မြေ ဝ.၅၉ ဧက၊ ဥယျာဉ်ခြံမြေ ၂.၁၄ ဧက၊ ရော်ဘာခြံ ၃၄.၈၁ ဧက စုစုပေါင်း ၁၃၆.၄၀ ဧက ပါဝင်သွားကြောင်း၊ ထို့ကြောင်‌့ ယခင်က ရထားပြေးဆွဲခဲ့ပြီး ယခုအခါ ရပ်နားထားသည်‌့ လမ်းပိုင်းဖြစ်သော ထားဝယ်-သရက်ချောင်းလမ်းပိုင်းနှင်‌့ သံလမ်းလုံးဝ တပ်ဆင်ခြင်းမရှိသေးဘဲ မြေရန်လုပ်ငန်းသာပြီးစီးသည်‌့ သရက်ချောင်း-သမုတ်-ဘုတ်ခြံ-မြိတ်လမ်းပိုင်းတွင် အသုံးပြုရန် ပါဝင်သွားသော မြေယာများအတွက် မြေယာလျော်ကြေးပေးရန် သို့မဟုတ် ဆက်လက်အသုံးမပြုပါက ထိုမြေယာများကို မူလလက်ရှိထား လုပ်ကိုင်အကျိုးခံစား ခဲ့သူ တောင်လယ်သမားလက်သို့ ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။