(ဃ)-လွိုင်လင်ခရိုင် အထွေထွေရောဂါကု ခုတင် ၂၀၀ ဆံ့ဆေးရုံကြီးတွင် မေ့ဆေးဆရာဝန်ကြီးများ အလျင်အမြန် ခန့်အပ်တာဝန်ပေးရန်နှင့် သူနာပြုဆရာမများအတွက် ဝန်ထမ်းအိမ်ရာဆောက်လုပ် ပေးရန် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်၊ လွိုင်လင်ဒေသတွင် နေထိုင်ကြသည့် တိုင်းရင်းသားမိဘ ပြည်သူများနှင့် တွေ့ဆုံပြီး တိုင်းရင်းသား မိဘပြည်သူများ၏ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက် ပေးခြင်း၊ လိုအပ်သည့် ကိစ္စရပ်များကို ပြည်သူ့လွှတ်တော်သို့ ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းခြင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုလည်း တိုင်းရင်းသားမိဘ ပြည်သူများ၏ လိုအပ်သည့် ကျန်းမာရေး ကိစ္စရပ်များကို တင်ပြလာပါသဖြင့် လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့ အထွေထွေရောဂါကု ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးတွင် တက်ရောက်ကုသမှု ခံယူနေကြသည့် မိဘပြည်သူများမှာ ခွဲစိတ်ကုသမှုခံယူရန် လိုအပ်သော လူနာများမှ မေ့ဆေးအထူးကု ဆရာဝန်ကြီးများ ပြောင်းရွှေ့လစ်လပ် သွားပါသဖြင့် ခွဲစိတ်ရန်လိုအပ်သော လူနာများကို တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ သွားရောက် ခွဲစိတ်ကုသမှုကို ခံယူနေရပါသဖြင့် လူနာများမှာ အခက်အခဲနှင့် ကြုံတွေ့နေရပါသောကြောင့် မေ့ဆေး ဆရာဝန်ကြီးများ အလျင်အမြန်ခန့်အပ်၊ တာဝန်ပေးအပ်ပါရန်နှင့် သက်ဆိုင်ရာဝန်ကြီးဌာနသို့ တင်ပြပေးပါရန် အကြောင်းကြား လာပါကြောင်း၊ ထပ်မံတင်ပြသည်မှာ လွိုင်လင်မြို့အထွေထွေ ရောဂါကုခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေသော သူနာပြုဆရာမများအတွက် ဝန်ထမ်းအိမ်ရာများလည်း လိုအပ်လျက် ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင် အထွေထွေရောဂါကုခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးတွင် မေးဆေးအထူးကု ဆရာဝန်ကြီးများ အလျင်အမြန်ခန့်အပ်၊ တာဝန်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့် အချိန်တွင် ခန့်အပ်၊ တာဝန်ပေးမည်နည်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင် အထွေထွေ ရောဂါကုခုတင် ၂၀၀ ဆံ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သူနာပြုဆရာမများ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပေးမည့် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက် ပေးမည်နည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။