(ဆ)-မင်းတပ်မြို့နယ်ရှိ မကွီအိမ်နူးစံကိုက်(၁၆)ခုတင်ဆံ့ ဆေးရုံတည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

မကွီအိမ်နူးမြို့သည် အစိုးရသစ်လက်ထက်တွင် မြို့အဖြစ်အဆင့်တိုးမြှင့် သတ်မှတ်ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ လေးမြို့၏အဆုံတွင် တည်ရှိပြီး ပထဝီသဘောအရ အလွန်အချက်အချာကျသည့် နေရာတွင် တည်ရှိသော မြို့ဖြစ်ပါကြောင်း၊ မကွီအိမ်နူး မြို့နှင့်ထိစပ်လျက်ရှိသည့် မြို့နယ်လေးမြို့နယ်သည် အနည်းဆုံး မိုင် ၇၀ ကျော်မှ မိုင် ၉၀ ကျော်အထိ ဝေးကွာသည့်နေရာတွင် တည်ရှိသောကြောင့် အလွန်ချောင်ကျပြီး ခေါင်ကျလှသည့်နေရာမျိုး ဖြစ်ပါကြောင်း၊ မကွီအိမ်နူးမြို့အပါအဝင် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ လေးမြို့နယ်တွင် ရှိသည့် ဒေသခံတိုင်းရင်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အလွန်ခက်ခဲ လျက်ရှိပါကြောင်း၊ တခါတရံ ကျန်းမာရေး အခြေအနေကြောင့် မြို့ကိုတက်ပြီး ဆေးကုသသည့်အခါ အဆင်မသင့်သော အချိန်တွင် လမ်းခရီးမှာလူနာများ အသက်ဆုံးရှုံးမှု အကြိမ်များစွာ ကြုံတွေ့ခဲ့ရပါကြောင်း၊ ထို့ကြောင့် မကွီအိမ်နူးမြို့တွင် ၁၆ ခုတင်ဆံ့ဆေးရုံမဖြစ်မနေ တည်ဆောက်ပေးရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ တည်ဆောက်ပေးရန်လည်း အချိန်တန်ပြီဖြစ်ပါကြောင်း၊ အကြောင်းမှာ မကွီအိမ်နူးမြို့မဖြစ်ခင် မကွီအိမ်နူး ကျေးရွာတုန်းက ယခင်အစိုးရလက်ထက် တိုက်နယ်ဆေးရုံ အဖြစ် ဘတ်ဂျက်ငွေ ချထားပေးခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တည်ဆောက်ပေး နိုင်ခြင်းမရှိဘဲ ဘတ်ဂျက်ကို ပြန်လည်သိမ်းယူ သွားသည့်အတွက် ဒေသခံတိုင်းရင်းသား ပြည်သူများ ယနေ့အချိန်အထိ စိတ်ခံစားချက်များ ရှိနေသေးပါကြောင်း၊ မြင်သာမြင်ရမကြင်ရ၊ နီးလျက်နှင့်ဝေး ဆိုသကဲ့သို့ ထမင်းလုတ်ကို ပါးစပ်ထဲခွံ့ခါနီးမှ လက်ကိုပုတ်ချသကဲ့သို့ ခံစားရခြင်းမျိုး ခံစားနေရပါကြောင်း၊ ထို့အပြင် တိုင်းရင်းသားပြည်သူများ၏ ရင်ထဲ၊ အသည်းထဲတွင် ဆူးညှောင့်လေးတစ်ခုကို ရိုက်ထည့်လိုက်သကဲ့သို့ ပြန်နုတ်မပေးဘဲ၊ ကုစားမပေးဘဲ ခံစားနေရသောကြောင့် ယနေ့အချိန်အထိ မျက်တက်မျက်တက်နှင့် ခံစားနေရသည့် ဝေဒနာကို ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် ဒေသခံတိုင်းရင်းသား ပြည်သူများသည် ယခင်အစိုးရ လက်ထက်ခံစားခဲ့ရသည့် ဤခံစားချက်များကို ယခုအစိုးရသစ်လက်ထက်တွင်  ပြန်လည်ကုစား ပေးလိမ့်မည်ဟု မျှော်လင့်စောင့်စား နေကြပါကြောင်း၊ မကွီအိမ်နူးမြို့တွင် လူနာနည်းကြောင်း၊ မြို့ပြဖွံ့ဖြိုးမှုနှင့် ရေရရှိရေးကို အခြေခံ၍သော်လည်းကောင်း၊ သို့မဟုတ် မီးရရှိရေးကိုအခြေခံ၍ ဆောင်ရွက်ပေးမည် ဆိုပါက တိုင်းရင်းသားဒေသများအတွက် ရှေ့ဆက်ဆောင်ရွက်ရန် အခက်အခဲများ ရှိနိုင်ပါကြောင်း၊

ဆေးရုံမရှိလျှင် လူနာမရှိပါကြောင်း၊ မြို့ပြဖွံ့ဖြိုးမှုများ၊ ရေရရှိမှ၊ မီးရရှိမှလုပ်ပေးမည်ဆိုလျှင် မကွီအိမ်နူး မြို့သည် လမ်း၊ ကျောင်း၊ တံတား၊ ဆေးရုံတို့ကို အခြေခံပြီးမှသာလျှင် မြို့ပြဖွံ့ဖြိုးမှုကို တည်ဆောက်နေရသည့် မြို့ဖြစ်သောကြောင့် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ၇-၂-၂၀၁၈ ရက်နေ့ လွန်ခဲ့သည့် တစ်နှစ်ပိုင်းခန့်က ထန်တလန်မြို့နယ်ထဲမှ ဒေါ်နီရွှေလျန်းနှင့် ဒေါက်တာ ဆလိုင်းရီရန်းဗဲလ်တို့၏ မေးခွန်းများအပေါ် ဖြေကြားသွားသည်ကို တိုင်းရင်းသားများက မှတ်သား ထားပါကြောင်း၊ ဝန်ကြီးဖြေကြားသွားသည်မှာ ယခင်က ချင်းပြည်နယ်အတွက်ဆိုလျှင် လူဦးရေကိုလည်း လျှော့ပေါ့ပြီး စဉ်းစားခဲ့ပါကြောင်း၊ ချင်းပြည်နယ်သည် ကျန်းမာရေး စောင့်ရှောက်မှု အလွန်ခက်ခဲသောကြောင့် အထူးဦးစားပေး ဆောင်ရွက်ပေးနေသည်ဟု ဖြေကြားခဲ့သည်ကို ယခုတိုင်းရင်းသားများက မှတ်သားပြီး ယနေ့ တီဗွီဖန်သားပြင်ပေါ်တွင် ကြည့်ရှု နေကြပါကြောင်း၊ မကွီအိမ်နူးမြို့၏ အင်္ဂါရပ်နှင့်ညီအောင် သော်လည်းကောင်း၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ လေးမြို့နယ်ရှိ အစွန်အဖျားမှ ဒေသများနှင့် မကွီအိမ်နူးမြို့ရှိ ပြည်သူများပါ ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်အောင် သော်လည်းကောင်း၊ မိမိတို့ ပြည်ထောင်စုဝန်ကြီး ပြောသည့်အတိုင်း လုပ်သည်ဟု အပြောနှင့်အလုပ် ညီသည့် ဝန်ကြီးတစ်ပါး ဖြစ်သည်ကို မိမိတို့မှတ်သားထားသည့် အချက်များကို ယနေ့အကောင်အထည် ဖော်မည့်အချိန် ကျရောက်ပြီ ဖြစ်သည့်အတွက် မင်းတပ်မြို့နယ်ရှိ မကွီအိမ်နူးစံကိုက် (၁၆) ခုတင်ဆံ့ ဆေးရုံ တည်ဆောက် ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။