(စ)-ရသေ့တောင်မြို့နယ် မိုးစဲကျွန်းကူတောင်တိုက်နယ်ဆေးရုံတွင် လစ်လပ်လျက်ရှိသော ဝန်ထမ်းများ နေရာတွင် အချိန်မီဖြည့်တင်းခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ကူတောင်တိုက်နယ်အတွင်းရှိ မိုးစဲကျွန်းသည် ရခိုင်ပြည်နယ်တွင်ရှိသည့် အကြီးဆုံးကျွန်းများအနက် တစ်ကျွန်းအပါအဝင် ဖြစ်ပါကြောင်း၊ ကူတောင်တိုက်နယ်တွင် ကျေးရွာပေါင်း ၂၄ ရွာဖြင့် ဖွဲ့စည်းထားပြီး လူဦးရေ ၃၀၀၀၀ ကျော် နေထိုင်လျက် ရှိကြပါကြောင်း၊ မိုးစဲကျွန်းမှစစ်တွေကို သွားသော တွီတေးမြစ် ပါတလိတ်အကျယ်ဆိုလျှင် အကျယ် ၁ မိုင်ခွဲခန့် ရှိပါကြောင်း၊ နောက် ကူတောင်တိုက်နယ်မှ ပါတလိတ်ဆိပ်ကမ်းအထိ ကိုးမိုင် အကွာအဝေး ရှိပါကြောင်း၊ အဆိုပါ ဆိပ်ကမ်းကနေပြီး စစ်တွေဆေးရုံကြီးကို သွားမည်ဆိုပါက အကျယ် ၁ မိုင်ခွဲခန့်ရှိသည့် တွီတေးမြစ်ကို စက်တပ်လှေများဖြင့် စစ်တွေဘက်ဆိပ်ကမ်းကို ဖြတ်ကူးသွားလာရပါကြောင်း၊ စစ်တွေပါတလိတ် ဆိပ်ကမ်းမှ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ၁၂ မိုင်အကွာအဝေးရှိပါကြောင်း၊ ထိုမှတစ်ဆင့် ကားများဖြင့် သွားလာရပါကြောင်း၊ အသွားအပြန် လိုင်းဆွဲနေသော စက်တပ်လှေများက နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိသာ ပြေးဆွဲပါကြောင်း၊ ကျန်သည့်အချိန်များတွင် ဈေးကြီးပေးပြီး စက်တပ်လှေများကို ငှားစီးရလေ့ရှိပါကြောင်း၊
ကူတောင်တိုက်နယ်မှ ရသေ့တောင်ဆေးရုံကို သွားမည်ဆိုလျှင် ငနန်းပြားချောင်းကို ဖြတ်ရပါကြောင်း၊ ကူတောင်ကျေးရွာမှ ငနန်းပြားဆိပ်ကမ်းကို နှစ်မိုင်ခန့်သွားရပါကြောင်း၊ ငနန်းပြားချောင်းမှ တစ်ဖက် ဆိပ်ကမ်းကို ရောက်သည့်အခါ ကား၊ ဆိုင်ကယ်များဖြင့် သုံးမိုင်ခရီးရှိသည့် ရသေ့တောင်ချောင်းကို တစ်ဖန်ထပ်မံပြီး ဖြတ်ကူးရပါကြောင်း၊ ရသေ့တောင်ချောင်းမှ ရသေ့တောင်မြို့ကို ရောက်ရှိရန် အတွက်ဆိုလျှင် ချောင်းတစ်ခုကို ထပ်မံပြီးဖြတ်ရပါကြောင်းပြီးမှ ရသေ့တောင်ဆေးရုံကို ရောက်ရှိမည် ဖြစ်ပါကြောင်း၊ ယခုကူတောင်တိုက်နယ် ဆေးရုံဆိုလျှင် ၈-၆-၂၀၁၆ ရက်နေ့က စတင်ဖွင့်လှစ် ခဲ့သည့်အတွက် ဒေသခံပြည်သူ ၃၀၀၀၀ ကျော်၏ ကျန်းမာရေးစိတ်အေးရပြီဟု ယုံကြည်မျှော်လင့် ခဲ့ကြရပါကြောင်း၊ ၎င်းကျေးရွာ ၂၄ ရွာကို ကိုယ်စားပြုပြီး လူဦးရေ ၃၀၀၀၀ ကျော် အမီပြုနေသည့် ကူတောင်တိုက်နယ် ဆေးရုံအတွက် ကျန်းမာရေးစောင့်ရှောက်ကုသမှု ပြည့်စုံစေရန် လစ်လပ်လျက် ရှိနေသည့် ဝန်ထမ်းနေရာများကို အမြန်ဆုံးအစားထိုးခန့်အပ် ပေးစေလိုပါကြောင်း၊ အဆိုပါ တိုက်နယ်ဆေးရုံတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဆရာဝန်ဆိုလျှင် MSC ဘွဲ့လွန် တက်ရောက်ရန်အတွက် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ပြောင်းရွေ့သွားပါကြောင်း၊ ထပ်မံ၍ ဆရာဝန်တစ်ဦးကို ယာယီတာဝန်ချထားပေးစေပြီး ၁ ရက်၊ ၂ ရက် အတွင်း ရောက်ရှိတာဝန် ထမ်းဆောင် ကြောင်းကိုလည်း သိရှိရပါသည်။ ထို့ကြောင့် အမြဲတာဝန် ထမ်းဆောင်နိုင်မည့် ဆရာဝန် တစ်ဦးကိုလည်း ခန့်ထားပေးစေလိုပါကြောင်း၊ သွားလာရေးခက်ခဲပြီး ကျန်းမားရေးစောင့်ရှောက်မှု အလှမ်းဝေးနေသော ပြည်သူများ၏ဘဝနှင့် မြေပြင်အခြေအနေကို လက်တွေ့မြင်စေရန် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ကိုလည်း မိမိတို့မြို့နယ်ကို အလည်တစ်ခေါက် လာလည်ရန် ဖိတ်ခေါ်ချင် ပါကြောင်း၊ ထို့ကြောင့် ရေလမ်းတစ်ခုတည်းကိုသာ အသုံးပြုသွားလာနေရသည့် ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှု အဆင်ပြေချောမွေ့စေရေးအတွက် အထက်ပါမေးခွန်းကို မေးမြန်းရခြင်း ဖြစ်ပါသည်။