(င)-ဆေးဝါးတက္ကသိုလ်များမှ ဘွဲ့ရရှိသူဦးရေ၊ အစိုးရဌာန ပုဂ္ဂလိကလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေမှု အခြေအနေနှင့် အလုပ်အကိုင်အခွင့်အလမ်းများ မည်သို့စီစဉ် ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လူ့ကျန်းမာရေးကို အများဆုံးဒုက္ခပေးနေကြသည့် ရောဂါများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO၊ ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ FAO၊ ကမ္ဘာ့တိရစ္ဆာန် ကျန်းမာရေးအဖွဲ့ OIE တို့က ရောဂါကြီးသုံးမျိုး သတ်မှတ် ထားပါကြောင်း၊ တိရစ္ဆာန်တုပ်ကွေးရောဂါ၊ ကြက်၊ ငှက်တုပ်ကွေးရောဂါ၊ ခွေးရူးရောဂါတို့ဖြစ်ပါ ကြောင်း၊ နောက်ရောဂါတစ်မျိုးက NT မိုက်တီးရီးယား Resistance ဟုခေါ်သော အဏုဇီဝပိုးများသည် ပဋိဇီဝဆေးကို ယဉ်ပါးသွားသော ရောဂါဖြစ်ပါကြောင်း၊ AMR ဟုခေါ်သော Antimicrobial resistance ပဋိဇီဝဆေးများကို ယဉ်ပါးသွားရခြင်းမှာ ပဋိဇီဝဆေးများကို မမှန်မကန်သုံးစွဲကြ သည့်အတွက် ဖြစ်ပါကြောင်း၊ ဘာမီတွန်၊ ပါရာဆီတမော့တို့ကဲ့သို့ ပဋိဇီဝဆေးများကို လွယ်လွယ်ကူကူ ဝယ်ယူရရှိ နေပါကြောင်း၊ ကွမ်းယာဆိုင်များတွင် စပ်ဆေးဟူ၍ ရောင်းချနေကြသည့် ဆေးများကို ဝယ်ယူ သောက်သုံးသည့်အခါ မှန်မှန်ကန်ကန်မသုံးစွဲဘဲ သောက်သုံးရမည့် အချိန်ကာလ အပြည့်မသုံးစွဲသည့်အတွက် ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာများ ပေါ်ပေါက်လာရပါကြောင်း၊ ပဋိဇီဝဆေးများကို အလွန်အကျွံသုံးစွဲမှုကြောင့် မွေးမြူရေးလုပ်ငန်းအချို့တွင်လည်း အသား၊ ငါး၊ နို့၊ ဥ စသည်အထိ ဆေးကြွင်းများ ပါရှိနေပါကြောင်း၊
ဆေးယဉ်ပါးရောဂါပိုးများ ဖြစ်ပေါ်လာပါက အလွန်စိုးရိမ်စရာ ကောင်းပါကြောင်း၊ ထို့ကြောင့် ပဋိဇီဝဆေးများကို စနစ်တကျမှန်မှန်ကန်ကန် သုံးစွဲရန်မှာ ကျန်းမာရေးလောက၏ စိန်ခေါ်နေသော ပြဿနာတစ်ရပ် ဖြစ်ပါကြောင်း၊ ဆေးဝါးများကို စနစ်တကျထုတ်လုပ် ရောင်းချရန်အတွက် ဆရာဝန်များ၊ တိရစ္ဆာန်ကုဆရာဝန်များနှင့် ဆေးဝါးကျွမ်းကျင်သူများ အထူးလိုအပ်သည့်အတွက် ဆေးဝါးတက္ကသိုလ်ကို ဖွင့်လှစ်ထားပါကြောင်း၊ အဆိုပါဆေးဝါးတက္ကသိုလ်ကို တက်ခွင့်ရရှိရန် အမှတ်မှာ အလွန်မြင့်မားပါကြောင်း၊ ဆရာဝန်လိုင်းမမီသူများ၊ အမှတ်အနည်းငယ် နည်းသွားသူများ ဆေးဝါးတက္ကသိုလ်ကို တက်ကြရပါကြောင်း၊ ကျွမ်းကျင်သူများမှာ လူဦးရေအကန့်အသတ်အရ ခေါ်ယူသည့် ကိစ္စရပ်များတွင်လည်း မိန်းကလေးများသည် အမှတ်များသော်လည်း ဆရာဝန်လိုင်းကို တက်ခွင့်မရဘဲ ဆေးဝါးတက္ကသိုလ်ကို ရောက်သွားခြင်းများ များပြားသည့်အတွက် ဆေးဝါး တက္ကသိုလ်မှဆင်းလာသည့် ဆေးဝါးတက္ကသိုလ်ဘွဲ့ရသူများကို အစိုးရဌာနများ၊ ပုဂ္ဂလိကဌာနများ၊ ဆေးရုံဆေးခန်းများတွင် မည်ကဲ့သို့လုပ်ကိုင် ဆောင်ရွက်နေပါသနည်း၊ ၎င်းတို့အတွက် မည်ကဲ့သို့ စီမံဆောင်ရွက် ပေးထားပါသနည်းကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။