(ဂ)-၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်၊ ကုသရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်ခဲ့သော ညောင်တုန်း ပြည်သူ့ဆေးရုံ (၃)ထပ် လူနာဆောင်အသစ်အား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ မည်သည့်အချိန် ကာလတွင် ပြီးစီးအောင် တည်ဆောက်ပေးမည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

ညောင်တုန်း ပြည်သူ့ဆေးရုံတွင် ဆေးရုံနှင့်လူနာ ကြပ်တည်းမှုကြောင့် ပေ ၁၅၀ x ၆၂ ပေ သုံးထပ် လူနာဆောင်အသစ်ကို ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကုသရေးဦးစီးဌာနမှ တင်ဒါအောင်ဈေးနှုန်း ၆၆၈.၂၇၆ သန်းဖြင့် အောင်မြေတော်ဝင်ကုမ္ပဏီကို အပ်နှံ၍  ၃-၂-၂၀၁၇ ရက်နေ့တွင် စတင်တည်ဆောက် စေခဲ့ပါကြောင်း၊ စတင်တည်ဆောက်ကပင် ကြပ်မတ်မှုမရှိခြင်း၊ Drawing ပုံပါအတိုင်း Frame Work ကို အတိတကျ မလုပ်ဆောင်ဘဲ ကျောက်လောင်းခြင်း၊ တိုင်ခြေများအံ့လွဲချော်ခြင်း၊ Alignment မမှန်ခြင်း စသည်တို့ကြောင့် အကြိမ်ကြိမ်ပြင်ဆင်တည်ဆောက် ခဲ့ရပါကြောင်း၊ Frame Work များကို သေချာစွာ ဆောင်ရွက်ခြင်းမရှိဘဲ ကျောက်လောင်းခဲ့သည့်အတွက် Alignment များ လွဲခြင်း၊ Footing နှင့် အပေါ်က Ground Level ကွာနေသည့်အပေါ်သေချာစွာ ကျောက်မလောင်းဘဲ မြေကြီးဖို့ခြင်း၊  Footing တိုင်နှင့် အပေါ်က Structure နှင့် လွဲနေသည့်အပေါ် တိုင်သံချောင်းများကောက်၍ ဆက်တက်ရန် ဆောင်ရွက်ခြင်း၊ အောက်ခြေ Footing တွင် အနည်းငယ်ကွဲလွဲသည်နှင့် တိုင်မျဉ်းမတ် ပိုလွဲလာသည်အပေါ် သံချောင်းများကို ညဘက် တိတ်တဆိတ်ဖြတ်ပြီး တိုင်ကိုရွှေ့ထားခြင်း၊ သံချောင်းမူရင်း Structure တွင် 16 mm သုံးရမည့် အစား 12 mm သံချောင်းများ သုံးစွဲထားခြင်း၊ ဈေးကွက်တွင် ပေါပေါလောလော ဝယ်ယူရနိုင်သည့် နန်းဆွဲ သံချောင်းများကို အသုံးပြုခဲ့ပြီး ၂၀၁၈ ခုနှစ် ၅ လပိုင်းကနေစတင်၍ လုပ်ငန်းရပ်ဆိုင်း နေခဲ့သည်မှာ ယနေ့အချိန်အထိ ဖြစ်ပါကြောင်း၊

ဆေးရုံတည်ဆောက် နေသည့်နေရာတွင်ရှိသော သားဖွားခန်း၊ အမျိုးသမီးအထူးခန်းတို့ကို ခေတ္တဘေးတွင် ရွှေ့ပြောင်းထားပြီး Corridor တွင် လူနာများကို ကြပ်တည်းစွာ ကုသနေရပါကြောင်း၊  

သို့ပါ၍ ယခုအခါ ဆေးရုံအသစ်သည် မည်သည့်အချိန်တွင် ပြီးစီးမည်ကို မသိရှိသကဲ့သို့ သားဖွားခန်းနှင့် ခွဲစိတ်ခန်းအတွက် ထပ်မံနေရာပေးရသည့်အတွက် ကုသရေးဆေးရုံနှင့်မတူဘဲ ရောဂါပြန့်ပွားရေး ဆေးရုံ အဖြစ်သို့ ရောက်ရှိနေပါသဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်ကပင် တည်ဆောက်နေသော ညောင်တုန်း ပြည်သူ့ဆေးရုံ သုံးထပ်လူနာဆောင် အသစ်အားမည်သည့် ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် တည်ဆောက်ပေး မည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။