(ခ)-ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးနှင်‌့ လွယ်မွေတိုက်နယ်ဆေးရုံတို့၌ လစ်လပ်လျက်ရှိသော အထူးကုဆရာဝန်နှင်‌့ လက်ထောက်ဆရာဝန်များ အမြန်ဆုံးခန့်ထားပေးနိုင်ခြင်းရှိ/မရှိနှင်‌့ စပ်လျဉ်း သည့်မေးခွန်း

2020-12-27

 

ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီး၏ ၁-၁၀-၂၀၁၈ ရက်စွဲပါ ဖော်ပြချက် စာရင်းအရ ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးနှင်‌့ မြို့နယ်ဆေးရုံ၊ တိုက်နယ် ဆေးရုံများတွင် တာဝန်ခံလက်ထောက်ဆရာဝန် ခွင်‌့ပြု၊ ခန့်ထား၊ လစ်လပ်စာရင်း၌ အထူးကု ဆရာဝန်နှင်‌့ လက်ထောက်ဆရာဝန်များ လစ်လပ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင်‌့ ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးနှင်‌့ လွယ်မွေတိုက်နယ်ဆေးရုံတို့တွင် လစ်လပ်လျက် နေရာများ ရှိနေသည့်အတွက် အရေးကြီးခန့်ထားရန် လိုအပ်လျက်ရှိပါကြောင်း၊

၁-၁၀-၂၀၁၈ ရက်နေ့ အထွေထွေရောဂါကုဆေးရုံကြီး ကျိုင်းတုံမြို့ပေါ်တွင် အထူးကုဆရာဝန်နှင်‌့ လက်ထောက်ဆရာဝန်များ၏ ခွင်‌့ပြု၊ ခန့်ထား၊ လစ်လပ်စာရင်းတွင် အစဉ် (၂) တွင် အထူးကု ဆရာဝန်ကြီး ခွင်‌့ပြုဦးရေ ၁၇ ဦးဖြစ်ပြီး ငါးဦးခန့်ထားပြီး ၁၂ ဦး လစ်လပ်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ အစဉ် (၃) တွင်လည်း အထူးကုဆရာဝန် ၁၇ ဦးတွင် ငါးဦးခန့်ထားပြီး လစ်လပ်လျက် ရှိသည်မှာ ၁၂ ဦး ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ တိုက်နယ်ဆေးရုံနှင့် ပတ်သက်လျှင် အစဉ် (၃) လွယ်မွေတိုက်နယ်ဆေးရုံတွင် ခွင်‌့ပြုအင်အားက နှစ်ဦးဖြစ်သော်လည်း ခန့်ထားခြင်း မရှိသည့်အတွက် (၂) ဦး လစ်လပ်ကြောင်း တွေ့ရှိရပါသည်။

ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် လစဉ်တက်ရောက်ကုသမှု ခံယူနေသောလူနာ အများအပြားရှိသည်ကို သိရှိရပါကြောင်း၊ တိုက်နယ်ဆေးရုံရှိသည့် လွယ်မွေကျေးရွာဆိုလျှင် ကျိုင်းတုံမြို့နှင့် မိုင် ၂၀ ကွာဝေးပြီး အမှတ် ၂၂၆ တပ်ရင်း လေကြောင်းရန် ကာကွယ်ရေးတပ်နှင့် လွယ်မွေအထက်တန်း ကျောင်းရှိရာ တပ်မတော်သားများ၊ ကျောင်းသား/သူများ၊ အများပြည်သူများ နေထိုင်သည့် လွယ်မွေတိုက်နယ်ဆေးရုံအား အားကိုးနေရသည်ကိုလည်း တွေ့မြင်ရပါကြောင်း၊ ထို့ကြောင့် လွယ်မွေတိုက်နယ်ဆေးရုံကို အားကိုးနေရခြင်းဖြစ်သဖြင့် ခန့်ထားသောဆရာဝန် မရှိသည့်အတွက် အရေးကြီးလူနာ၊ ခွဲစိတ်ရန်လူနာ၊ မွေးလူနာတို့ကို မိုင် ၂၀ ကွာဝေးသော ကျိုင်းတုံမြို့ အထွေထွေရောဂါကု ဆေးရုံကြီးသို့ သွား‌ရောက်ကုသမှု ခံယူနေရပါကြောင်း၊ မိုင် ၂၀ ဆိုသော်လည်း တောင်ပေါ်လမ်း ဖြစ်သည့်အတွက် အကွေ့အကောက်များခြင်း၊ လမ်းကြမ်းခြင်းတို့ကြောင်‌့ အရေးပေါ် လူနာများအတွက် အထူးစိုးရိမ်နေရခြင်း ဖြစ်ပါသောကြောင့် ကျိုင်းတုံမြို့အထွေထွေရောဂါကု ဆေးရုံကြီးနှင်‌့ လွယ်မွေတိုက်နယ်ဆေးရုံတို့တွင် လစ်လပ်လျက်ရှိသော အထူးကုဆရာဝန်နှင့် လက်ထောက်ဆရာဝန်များ အမြန်ဆုံးခန့်ထား ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။