(က)-မြန်မာနှင့်ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နိုင်ငံတကာနယ်နိမိတ်နှင့် မြန်မာပိုင်နက်နယ်မြေပေါ်တွင် တည်ဆောက်ထားသည့် ခြံစည်းရိုးအကြားနေထိုင်သူများဟု ဖော်ပြထားပါသဖြင့် ပြန်လည်ပြင်ဆင် ပေးရန်အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-27

 

၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့က သင်္ဂဟဟိုတယ်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့အကြား ဝန်ကြီးအဆင့်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ရာ အစည်းအဝေးတွင် သဘောတူညီချက်(၈)ချက် ချမှတ်ခဲ့ပြီး၊ အချက်(င)တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား နိုင်ငံတကာနယ်နိမိတ်နှင့် မြန်မာပိုင်နက်နယ်မြေပေါ်တွင် တည်ဆောက်ထားသည့် ခြံစည်းရိုးအကြားနေထိုင်သူများဟု ဖော်ပြ ထားပါသဖြင့် နှစ်နိုင်ငံနယ်နိမိတ်ဟု သုံးနှုန်း သင့်ပါသော်လည်း နိုင်ငံတကာနယ်နိမိတ်ဟု မည်သည့်အတွက် ကြောင့်သုံးစွဲခဲ့ရသည်၊ အကယ်၍ မှားယွင်းသုံးနှုန်းခဲ့သည်ဆိုပါက ပြန်လည်ပြင်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

၁၀-၈-၂၀၁၈ ရက်နေ့က နေပြည်တော် သင်္ဂဟဟိုတယ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ဝန်ကြီးအဆင့်အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပါကြောင်း၊ အစည်းအဝေးတွင် သဘောတူညီချက် (၈) ချက်ချမှတ်ခဲ့ပြီး အချက် (င) တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နိုင်ငံတကာနယ်နိမိတ်တွင် နေထိုင်လျက်ရှိသူများ၊ အထူးသဖြင့် နိုင်ငံတကာနယ်နိမိတ်နှင့် မြန်မာပိုင်နက်နယ်မြေပေါ်တွင် တည်ဆောက်ထားသည့် ခြံစည်းရိုးကြား နေထိုင်သူများလို့ ဖော်ပြထားသည်ကို သတင်းစာတွင် ဖတ်ရှုရပါကြောင်း၊ နယ်နိမိတ်ကိစ္စရပ်များသည် Delicate ဖြစ်သကဲ့သို့ Sensitivity များစွာ မြင့်မားပါကြောင်း၊ မှားယွင်းသုံးစွဲသည့် စကားလုံးအသုံးအနှုန်းတစ်ခု၏ အဓိပ္ပာယ်ကြောင့် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိခိုက်နိုင်သည်ဆိုသည်ကို အစိုးရက Zero Line၊ No Man Land စသဖြင့် သုံးစွဲခဲ့သဖြင့် လွှတ်တော်တွင် မိမိမေးခွန်းမေးမြန်းခဲ့သည်ကို မှတ်မိကြအုံးမည် ဖြစ်ပါကြောင်း၊ ထိုအချိန်က ပြန်ကြားရေးဒုတိယဝန်ကြီး လာရောက်ဖြေကြားပြီး မှားယွင်းသုံးစွဲခဲ့ကြောင်း၊ နောင်ဆင်ခြင်ပါမည်ဟု ပြောကြားသွားပါကြောင်း၊ ယခုတစ်ခါ နှစ်နိုင်ငံ သဘောတူညီချက်တွင် မလိုလားအပ်သည့် နိုင်ငံတကာနယ်နိမိတ်တွင် နေထိုင်သူများဆိုသည့် အသုံးအနှုန်းသည် တိုင်းပြည်အတွက်အန္တရာယ်ကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်နေပါကြောင်း၊ မြန်မာနှင့် ပါကစ္စတန်အကြား နယ်နိမိတ်စာချုပ်ကို ၂၈-၄-၁၉၆၆ ရက်နေ့က ရန်ကုန်တွင်လက်မှတ် ရေးထိုးခဲ့ပါကြောင်း၊ ထိုအချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံရယ်လို့ မဖြစ်ပေါ်သေးပါကြောင်း၊ နယ်နိမိတ်စာချုပ်ကို Protocol Between The Government of the Union of Burma and The Government of the Islamic Republic of  Pakistan on the Demarcation of the Fix Boundary Between the two Countries in the Naaf River ဟု ဆိုပါကြောင်း၊ တဖန် Supplementary Protocol ကိုလည်း ရန်ကုန်တွင် ၁၇-၁၂-၁၉၈၀ ရက်နေ့က လက်မှတ်ရေးထိုး ခဲ့ပါကြောင်း၊ အဆိုပါ Protocol နှစ်ခုလုံးတွင် International Boundary ဟု သုံးနှုန်းထားခြင်း တစ်ခုမှ မတွေ့ရှိရပါကြောင်း၊ တဖန် ၁၉-၁၂-၁၉၈၀ ရက်နေ့ ဒက္ကာတွင် နယ်နိမိတ်ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့ပါကြောင်း၊ အင်္ဂလိပ်၊ မြန်မာစာချုပ်နှစ်ခုလုံးကို မိမိမှဖတ်ရှုလေ့လာပြီး ဖြစ်ပါကြောင်း၊ Agreement Between The Government of the Socialist Republic of Union  of Burma and The Government of the People’s Republic of Bangladesh  on  Border Agreement and Cooperation ဟု ဆိုပါကြောင်း၊ အဆိုပါ စာချုပ်တွင်လည်း  Common Border မြန်မာလို နှစ်နိုင်ငံနယ်ကြားဟု မိမိတို့အတိအလင်းဖော်ပြ ထားသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံနယ်ကြားဆိုလျှင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနှင့် သက်ဆိုင်သည့်နယ်နိမိတ်ဟု အဓိပ္ပာယ်ထွက်ပြီး နိုင်ငံတကာနယ်နိမိတ်ဆိုလျှင် နိုင်ငံများနှင့် သက်ဆိုင်သည့်နယ်နိမိတ်ဟု အဓိပ္ပာယ်ရပါကြောင်း၊ နှစ်နိုင်ငံနှင့်သက်ဆိုင်သည့် ကိစ္စကို နိုင်ငံတကာနှင့် သက်ဆိုင်နေအောင် သွတ်သွင်းပြီးမှ သဘောတူညီချက် ထုတ်ပြန်သည်ကို လုံးဝ ကန့်ကွက်ပါကြောင်း၊ ထို့ကြောင့် နှစ်နိုင်ငံနှင့်သက်ဆိုင်သည့် နယ်နိမိတ်ကို မည်သည့်အတွက်ကြောင့် နိုင်ငံတကာနယ်နိမိတ်ဟု သုံးနှုန်းခဲ့သည်ကို ရှင်းလင်းဖြေကြားပေးပါရန်နှင့် အကယ်၍ မှားယွင်း သုံးစွဲခဲ့လျှင်လည်း နိုင်ငံတကာနယ်နိမိတ်အစား နှစ်နိုင်ငံနယ်နိမိတ်ဟု ပြန်လည်ပြင်ဆင် ပေးရန်အတွက် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။