(ဂ)-အခြေခံပညာ(၁၀)တန်းစာမေးပွဲရမှတ်ဖြင့် တက္ကသိုလ်ဝင်ခွင့်သတ်မှတ်ခြင်းကြောင့် အခြေခံပညာ ကလေးများ၏ လက်တွေ့ဘဝဖွံ့ဖြိုးမှုကို ထိခိုက်နေခြင်းအပေါ် ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
အမျိုးသား ပညာရေးဥပဒေ ပုဒ်မ ၂ ပုဒ်မခွဲ (ဆ) တွင် ကလေးများကို အတွေးအခေါ် အယူအဆ မှန်ကန်ပြီး လူ့စွမ်းအားအရင်းအမြစ်များကို ပျိုးထောင်ပေးပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးကို အမျိုးသားပညာရေးက ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အမျိုးသားပညာရေး ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ထ) တွင် တက္ကသိုလ်တက်ရောက်မှုအတွက် ရွေးချယ်ရန်တာဝန်မရှိဘဲ သက်မွေး ပညာရပ်ဖြစ်စေ၊ အဆင့်မြင့်ပညာရပ်ဖြစ်စေ အခြေခံလေ့ကျင့်ပေးရန်သာ တာဝန်ရှိကြောင်း ပြဋ္ဌာန်း ထားပါကြောင်း၊ အမျိုးသားပညာရေး ရည်မှန်းချက် ပုဒ်မ ၃ ပုဒ်မခွဲ (က) (ခ) (ဂ) တွင် ဝေဖန်ပိုင်းခြား အသိဉာဏ်ရှိသော ကလေးများကို ပျိုးထောင်ပေးရမည်၊ အထူးသဖြင့် ဝိဇ္ဇာဘာသာတွဲနှင့် ပတ်သက်သည့် ကလေးများလည်း အထိုက်အလျောက် ပါဝင်စေရမည့် သဘောထားမျိုးဖြင့် ပညာရေး ရည်မှန်းချက်တွင် ပြဋ္ဌာန်းအတည်ပြု ထားပါကြောင်း၊ ပုဒ်မ ၄ ပုဒ်မခွဲ (ဋ) တွင် တက္ကသိုလ်ဝင်ခွင့်နှင့် ပတ်သက်ပြီး တက္ကသိုလ်ပဋိညာဉ် စာတမ်းနှင့်အညီ တက္ကသိုလ်ကို ဝင်ရောက်နိုင်အောင် စိစစ်ရွေးချယ်သည့် စနစ်ကိုထားရှိမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ၂၀၁၅ ခုနှစ် NLD ရွေးကောက်ပွဲ ပညာရေးကြေညာစာတမ်း အပိုဒ် ၉ တွင် ကျောင်းသားမိဘနှင့် ရပ်/ကျေးတို့အပေါ် ဝန်ထုပ်ဝန်ပိုး မဖြစ်စေသော ပညာရေးဝန်ဆောင်မှုဖြစ်အောင် ဆောင်ရွက်မည်ဟု ပြဋ္ဌာန်းကြေညာခဲ့ပါကြောင်း၊ အခြေခံပညာရေး၏ လက်ရှိအနေအထားတွင် သိပ္ပံဘာသာတွဲယူသူများပြီး ဝိဇ္ဇာဘာသာတွဲယူသူ နည်းပါးသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် ဝိဇ္ဇာဘာသာတွဲယူသူ ၁၁.၈ ရာခိုင်နှုန်းသာရှိပြီး တစ်နိုင်ငံလုံးတွင် စိတ်ကြိုက်မြန်မာစာတစ်ဦးသာ ရှိခဲ့ပါကြောင်း၊ Curricula ဟူသော လက်တွေ့ဖွံ့ဖြိုးမှု ဘာသာရပ်များကျောင်းတွင် သင်ကြားမှုနည်းပါးပါကြောင်း၊ နိုင်ငံသား ကောင်းများဖြစ်ရန်အတွက် လူ့အဖွဲ့အစည်းအပေါ် ထိခိုက်စေပါကြောင်း၊ စာမေးပွဲရမှတ်ကောင်း ရရှိရေး ဦးတည်သင်ကြားမှုကြောင့် အလွတ်ကျက်စနစ်ကိုသာ အားပေးနေပါကြောင်း၊ အောင်ချက် ရာခိုင်နှုန်းကြောင့် ကျောင်းသား၊ ဆရာ၊ မိဘအပေါ် သက်ရောက်မှု ရှိနေပါကြောင်း၊ ပုဂ္ဂလိက ကျောင်းများ၊ ကျူရှင်များကြောင့် မိဘများဝန်ထုပ်ဝန်ပိုး ဖြစ်ပါကြောင်း၊ တောင်ပေါ်၊ မြေပြန့်၊ မြို့ပေါ်၊ ကျေးလက်ကွဲပြားခြားနားသည့် အရင်းအမြစ်များကြောင့်လည်း ရမှတ်များကွာခြားနေပါကြောင်း၊ စာစစ်ဦးစီးဌာနသည် တက္ကသိုလ်ဝင်ခွင့် မေးခွန်းများကို တာဝန်ယူဆောင်ရွက်နိုင်မည့် အနေအထားရှိပုံ ရပါကြောင်း၊ ဒီမိုကရေစီအစိုးရ အုပ်ချုပ်မှုကာလ သုံးနှစ်ခန့်ကြာမြင့်လာပြီ ဖြစ်ပါကြောင်း၊ နှစ်စဉ် အခြေခံပညာအထက်တန်း ဖြေဆိုအောင်မြင်သူပျမ်းမျှ သုံးပုံတစ်ပုံရှိသော်လည်း အပြင်ရောက်သွားသည့် သုံးပုံနှစ်ပုံသော ကလေးများကိုလည်း ထည့်သွင်းစဉ်းစား သင့်ပါကြောင်း၊ ထို့ကြောင့် အခြေခံပညာစာမေးပွဲ ၁၀ တန်း စာမေးပွဲရမှတ်ဖြင့် တက္ကသိုလ်ဝင်ခွင့် သတ်မှတ် နေခြင်းကြောင့် ကလေးများ၏လက်တွေ့ဘဝ ဖွံ့ဖြိုးမှုထိခိုက်နေခြင်းအပေါ် ပြောင်းလဲဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သို့စီစဉ်ဆောင်ရွက် ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။