(ဃ)-ကျောင်းသားမိဘ နာမည်ကွဲလွဲမှုများဖြစ်ပေါ်နေရာတွင် အမည်မှန်ပြောင်းလဲ ပြင်ဆင်ခွင့်ပြုရန်အတွက် လုပ်ဆောင်ရသော လုပ်ငန်းစဉ်များ ဖြေလျှော့ပေးရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
ကျောင်းသားမိဘများ၏ အမည်ကို သူငယ်တန်းကျောင်း အပ်စအချိန်က ပေးထားသော အမည်နှင့် အထက်တန်းအဆင့်တွင် မိဘအမည် ပေးသွင်းသည့်အခါ အိမ်ထောင်စုဇယားအမည်ဖြင့် ကွဲလွဲမှု ရှိနေပါက အမည်ပြောင်းလဲပြင်ဆင်ခွင့် ပြင်ကြရပါကြောင်း၊ ယခုလို အမည်ပြောင်းလဲ ပြင်ဆင်ခွင့် တင်ကြရသည့်အခါ (၁) ရဲစခန်းထောက်ခံချက်၊ (၂) အမည်မှန်ဖြစ်ကြောင်း၊ ကြော်ငြာသည့် သတင်းစာဖြတ်ပိုင်း၊ (၃) တရားရုံးကျမ်းကျိန်ချက်တို့ ပါရှိရပါကြောင်း၊ ယခုကဲ့သို့ လုပ်ဆောင်ရသည့် အချက် ၃ ချက်သည် ကျောင်းသားမိဘ ပြည်သူများအတွက် ဝင်ထုပ်ဝန်ပိုး ဖြစ်ရသည့်အပြင် စိတ်အနှောင့်အယှက်လည်း ဖြစ်ရပါကြောင်း၊ ထို့ကြောင့် ပြည်သူတင်မြှောက်သည့် အစိုးရမဟုတ်သည့် လက်ထက်က ပြည်သူ့မျက်နှာကို မကြည့်ဘဲ သူ့လူသူအကြံအဖန်လုပ်ရန် ချပေးခြင်းများသာ ဖြစ်ပါကြောင်း၊
ရဲစခန်းထောက်ခံချက်ဆိုလျှင် ၁၀၀၀ ကျပ် ပေးရပါကြောင်း၊ မိမိတို့တာဝန် စယူစဉ် ၂၀၁၆ ခုနှစ်က စခန်းမှူးနှင့်ညှိပြီး ၅၀၀ ကျပ်သာ အလှူခံရန် ပြောထားသော်လည်း တစ်လခန့် ၅၀၀ ကျပ်ယူပြီး ယခုအချိန်ထိ ၁၀၀၀ ကျပ် ယူနေပါကြောင်း၊ နောက်သတင်းစာ ကြော်ငြာဖို့ရာ ၂၅၀၀၀ ကျပ်ကနေ ၃၀၀၀၀ ကျပ်အထိ ကုန်ကျကြပါကြောင်း၊ တရားရုံးကျမ်းကျိန်ချက်က တံဆိပ်ခေါင်း ၅၀၀ ကို ၁၀၀၀ ကျပ် ပေးကြရပါကြောင်း၊ Blue Label ၊ Black Label သောက်နိုင်သူများအတွက် ၁၀၀၀၀ ကျပ် တန်သည် တစ်နေ့လုပ်တစ်နေ့စား မရှိဆင်းရဲသား တောနေလူတန်းစားများ အတွက်က ၁၀၀၀ ကျပ်တန် မပြောနှင့် ၅၀၀ ကျပ်တန်ဆိုလျှင်ကို တန်ဖိုးကြီးလှပါကြောင်း၊ ထု့ိကြောင့် ကျောင်းသား မိဘများကွဲလွဲနေသည့် အမည်နှစ်မျိုးမှာ ယင်းကျောင်းသား၏ မိဘအမည်များပင် ဖြစ်ပါကြောင်း၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံစာနှင့် လ.ဝ.ကမှလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်အရ အိမ်ထောင်စုဇယားပါ အိမ်ထောင်ဦးစီး ပုဂ္ဂိုလ်သည် ယင်းကျောင်းသား၏ မိဘပင် ဖြစ်ပါကြောင်း၊ ထောက်ခံရုံမျှနှင့် ပြီးမြောက်နိုင်သည့် ကိစ္စဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီး ဦးစောကျော်ဝင်းမောင် NLD ၏ ၂၀၁၅ ရွေးကောက်ပွဲကြေညာ စာတမ်းတွင်ပါသည့် ပြည်သူကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေသည့် ပညာရေးစနစ်ကို ကျင့်သုံးပြီဆိုသည့် သဘောလေးလည်း သိလိုက်ရပါကြောင်း၊ ထို့နောက် သက်ဆိုင်ရာဝန်ကြီးက ဖြေကြားသည့်အခါ ကျောင်းသားမိဘများ အသုံးစရိတ် လျှော့ချရေးကို လုပ်ဆောင်နေသည်လည်း သိလိုက်ရပါကြောင်း၊ ထို့ကြောင့် ကျောင်းသားမိဘများ ငွေကုန်ကြေးကျများသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည့် သတင်းစာ ကြော်ငြာ ရခြင်းကိစ္စ၊ စိတ်အနှောင့်အယှက် ဖြစ်စေသည့် ရဲစခန်းသွားရခြင်း၊ တရားရုံးသွားရခြင်း ကိစ္စများကို ဖြေလျှော့ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။