(ဆ)-ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် Right to Recall ဥပဒေကို မည်သည့်အချိန်တွင် လွှတ်တော်သို့တင်မည်၊ မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ ကြန့်ကြာနေရသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
၆-၂-၂၀၁၈ ရက်နေ့က ပျော်ဘွယ်မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက Right to Recall နဲ့ပတ်သက်ပြီးတော့မှ လွှတ်တော်မှာ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ပါကြောင်း၊ အဆိုပါ မေးခွန်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်က လာရောက်ဖြေကြားခဲ့ပါကြောင်း၊ ၎င်း၏ဖြေကြားချက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ လွှတ်တော်များနှင့် ပူးပေါင်းပြီး လွှတ်တော်ကိုယ်စားလှယ်မှ ပြန်လည် ရုပ်သိမ်းခြင်း ဆိုင်ရာဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းနိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်းဆိုပြီး ပါရှိပါကြောင်း၊ တဖန်လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးက ဆက်စပ်မေးခွန်း အနေဖြင့် ၎င်းဥပဒေကို မည်သည့်အချိန်၊ မည်သည့်ကာလတွင် တင်ပြနိုင်မည်နည်းဟု မေးမြန်းသည့်အခါ ဦးအောင်မြင့်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ဥပဒေကြမ်းတစ်ရပ် ရေးဆွဲပြီးဖြစ်ပါကြောင်းဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ လက်ရှိ သမ္မတကြီး ဦးဝင်းမြင့်ကလည်း ထိုအချိန်က လွှတ်တော်ဥက္ကဋ္ဌတစ်ယောက်အနေဖြင့် ဖြည့်စွက်ပြောကြားရာတွင် ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဆိုင်းငံ့ခဲ့သည့်ကိစ္စ ဖြစ်ပါကြောင်း၊ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် အချုပ်အခြာအာဏာသည် ပြည်သူ့ထံမှ ဆင်းသက်သည်ဆိုသည့် အခြေခံမူ မပျောက်ရအောင် ၎င်းအနေဖြင့် ရွေးကောက်ပွဲကော်မရှင်ကို အဆိုပါဥပဒေရေးဆွဲရန် အကြောင်းကြား ခဲ့ပါကြောင်း၊ Rule by Law မှ Rule of Law ဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်း အကောင်အထည် ဖော်ပေးရန် အသိပေးကြောင်း စသည်ဖြင့် မိန့်မှာခဲ့ပါသည်။
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၆၉ ပုဒ်မခွဲ (က) တွင် ပါသည့်အတိုင်း လွှတ်တော် ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိမ်းခြင်းကို စနစ်တကျစီစဉ် ဆောင်ရွက်နိုင်သည့်အချက် (၅) ချက် ဖော်ပြထားပါကြောင်း၊ ၎င်းတို့မှာ (၁) နိုင်ငံတော်၏ ကျေးဇူးသစ္စာတော်ကို ဖောက်ဖျက်ခြင်း၊ (၂) ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ (၃) အကျင့် သိက္ခာပျက်ပြားခြင်း၊ (၄) ဤဖွဲ့စည်းပုံအခြေခံဥပဒေတွင် သတ်မှတ်ထားသည့် သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်၏ အရည်အချင်းပျက်ယွင်းခြင်း၊ (၅) ဥပဒေအရ ပေးအပ်ထားသော တာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်ခြင်းတို့ ဖြစ်ပါကြောင်း၊ ၎င်းအချက်များထဲက တစ်ခုခုနှင့်ကိုက်ညီလျှင် လွှတ်တော်ကိုယ်စားလှယ်တာဝန်က ရုပ်သိမ်းလိုလျှင်လည်း မဲဆန္ဒရှင် ပြည်သူ တစ်ရာခိုင်နှုန်းက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို တင်ပြနိုင်ပါကြောင်း၊ တင်ပြစာကို လက်ခံရရှိလျှင် ကော်မရှင်နှင့် စွပ်စွဲခံရသူကိုယ်စားလှယ်တို့က ဆက်လက်ဆောင်ရွက် ရမည့်ကိစ္စများကို ပုဒ်မခွဲ (ခ) မှ (င) အထိ ဖော်ပြထားပါကြောင်း၊
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၉၇ တွင် ပြည်ထောင်စုလွှတ်တော်သည် ရွေးကောက်တင်မြောက်ခြင်း ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ တာဝန်မှပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းရမည်ဟု ဖော်ပြပါရှိပါကြောင်း၊ ၎င်းဥပဒေကို ပြဋ္ဌာန်းနိုင်ပြီး ကျင့်သုံးနိုင်မှသာလျှင် အခြေခံဥပဒေပုဒ်မ ၃၆၉ ပုဒ်မခွဲ (ခ) တွင် ပါဝင်သကဲ့သို့ သက်ဆိုင်ရာမဲဆန္ဒရှင်များသည် လွှတ်တော်တစ်ရပ်ရပ်မှ လွှတ်တော် ကိုယ်စားလှယ်ကို ဥပဒေနှင့်အညီ တာဝန်မှပြန်လည် ရုပ်သိမ်းခွင့်ရှိသည်ဆိုသည့် အချက်ကို အကောင်အထည်ဖော်၍ ရမည်ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မဲဆန္ဒရှင် ပြည်သူတစ်ယောက် အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကို ရွေးကောက်တင်မြှောက်ခွင့်ရှိသကဲ့သို့ ဥပဒေနှင့်အညီ တာဝန်ကနေ ပြန်လည်ရုပ်သိမ်းခွင့်ကိုလည်း ပေးအပ်ထားခြင်း ဖြစ်ပါကြောင်း၊ Mother Law ဖြစ်သည့် အခြေခံဥပဒေတွင် ဘယ်လိုပဲဆိုထားသော်လည်း Implementation လုပ်မည့် ဥပဒေမရှိသည့်အတွက် နိုင်ငံသားများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပြဋ္ဌာန်းထားသော နိုင်ငံသားအခွင့်အရေးကို အပြည့်အဝမရရှိသေးဘူးဟု အဓိပ္ပာယ်ကောက်ယူ နိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံသားအခွင့်အရေးများ အပြည့်အဝရရှိစေရန် ဖြည့်ဆည်းပေးနိုင်မည့် Right to Recall ဥပဒေကြမ်းကို အခြေခံဥပဒေ ကော်မရှင်က ရေးဆွဲပြီးကြောင်းကို ၆-၂-၂၀၁၈ ရက်နေ့က ဖြေကြားပေးခဲ့သော်လည်း ယနေ့ ၁၁ လ ကြာသည့်အချိန်အထိ လွှတ်တော်ကိုတင်သွင်းနိုင်ခြင်း မရှိသေးခြင်းမှာ မည်သည့်အတွက်ကြောင့် ကြန့်ကြာနေရခြင်း၊ မည်သည့်ရက်တွင် လွှတ်တော်ကို ဥပဒေကြမ်း တင်ပြမည်ဆိုခြင်းများကို ဖြေကြားပေးနိုင်ရန်အတွက် မေးမြန်းရခြင်း ဖြစ်ပါသည်။