(စ)-ဦးအုန်းသွင်၏ လယ်ယာမြေနှင့် ဦးတင်ကို၏ အိမ်ခြံမြေအငြင်းပွားမှုအား မှားယွင်းဆုံးဖြတ်ချက် အပေါ် နစ်နာမှုများအတွက် ပြန်လည်စိစစ်ဆောင်ရွက် ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီးကျေးရွာ၊ ကွင်းအမှတ်(၁၁၄၇-က)ကွင်း၊ မြဘုရားအရှေ့ကွင်း၊ ဦးပိုင်အမှတ်(၂၇/၄)၊ ဧရိယာ(၂.၃၄) ဧကရှိ ဦးအုန်းသွင်၏ လယ်ယာမြေနှင့် ဦးတင်ကို၏ အိမ်ခြံမြေအငြင်းပွားမှုမှာ ၂၃ (က) အရ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့နှင့် မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့တို့၏ စီရင်ဆုံးဖြတ်ပိုင်ခွင့် ဖြစ်သော်လည်း သနပ်ပင်မြို့နယ်တရားရုံးမှ တရားမကျင့်ထုံး ဥပဒေအရ စီရင်ဆုံးဖြတ်ခြင်းသည် ဥပဒေနှင့်ညီညွတ်ခြင်း ရှိ/မရှိ၊ မရှိပါက တရားရုံးတော်၏ စီရင်ချက်အမိန့်ဒီကရီအား ပယ်ဖျက်ပေးရန်နှင့် တရားရုံး၏ မှားယွင်းဆုံးဖြတ်ချက်အပေါ် နစ်နာမှုများအတွက် ပြန်လည်စိစစ်ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီးကျေးရွာရှိ ဦးအုန်းသွင်၏လယ်ယာမြေနှင့် ဦးတင်ကို၏အိမ်ခြံမြေအငြင်းပွားမှုနှင့်ပတ်သက်၍ သနပ်ပင်မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ကျိုက်ပဒိုင်ကြီးကျေးရွာ၊ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ညွှန်ကြားချက်အရ ကွင်းဆင်းစစ်ဆေးရာတွင် ဦးတင်ကိုခြံသည် ၃၅ ပေပတ်လည်ရှိပြီး အဆိုပါခြံ၏ အနောက်တောင်ထောင့်ရှိ ဝ.၀၀၂ ဧကရှိ လယ်မြေသည် ဦးအုန်းသွင်လယ်မြေအဖြစ် တွေ့ရှိရပါကြောင်း၊ ကျန်မြေဧရိယာသည် ရိုးမြေနှင့် ပယ်မြေဖြစ်ကြောင်း မြေပုံကြမ်းနှင့်တကွ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ ကျေးရွာ လယ်/စီက ပြန်လည်အစီရင်ခံခဲ့ပါကြောင်း၊ အလားတူ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ကွင်းဆင်းစစ်ဆေး သည့်အခါတွင်လည်း ကျေးရွာလယ်/စီ၏ အစီရင်ခံသည့်အတိုင်း မှန်ကန်ကြောင်း ထောက်ခံ အတည်ပြုထားပါကြောင်း၊ အထက်ပါ လယ်ယာမြေ၊ အိမ်ခြံမြေ အငြင်းပွားမှုနှင့်ပတ်သက်၍ သနပ်ပင် မြို့နယ်တရားရုံး၏ ၁၈-၅-၂၀၁၆ ရက်နေ့က ချမှတ်ခဲ့သည့် အမိန့်နှင့်ဒီကရီသည် တရားပြိုင် ဦးတင်ကို နှင့် မကုလားမ(ခ)မစုမာတို့သည် တရားလို ဦးအုန်းသွင်(ခ) ဦးဂျော်ဂီ၏ အမည်ပေါက်ကွင်းအမှတ် (၁၁၄၇-က) ကွင်း၊ မြဘုရားအရှေ့ကွင်း၊ ဦးပိုင်အမှတ်(၂၇/၄)၊ မြေဧရိယာ (၂.၃၄) ဧက အတွင်းရှိ မြေပေါ်တွင် အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်လျက်ရှိခြင်းမှ ဖယ်ရှားပေးစေကြောင်း တရားလို ဦးအုန်းသွင် (ခ) ဦးဂျော်ဂီအတွက် အနိုင်ဒီကရီကို စရိတ်နှင့်တကွ ချမှတ်ပေးလိုက်သည်ဟူ၍ စီရင်ချက်အမိန့် ဒီကရီကို ချမှတ်ခဲ့ပြီး တရားမဇာရီအမှုအမှတ် ၁၉ ဖြင့် မြေအပ်ဝရမ်းထုတ်ပြန်၍ မြို့နယ်နှင့် ကျေးရွာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဥပဒေနှင့်အညီ ဆုံးဖြတ်ချက်များကိုလျစ်လျူရှုကာ မြေပြင်ကွင်းဆင်း တိုင်းတာစစ်ဆေးခြင်းလည်းမရှိဘဲ ဦးတင်ကိုမိသားစုနေအိမ်ကို ၁၁-၉-၂၀၁၈ ရက်နေ့တွင် မြို့နယ် တရားသူကြီးဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့်တရားလိုများက ကိုယ်တိုင်အင်အားသုံး ဖြိုဖျက် ခဲ့ကြပါကြောင်း၊
၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၏ အခန်း(၈) လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်း၊ အယူခံခြင်းအခန်း ပုဒ်မ ၂၂ တွင် လယ်ယာမြေလုပ်ပိုင်ခွင့်နှင့်စပ်လျဉ်း၍ အငြင်းပွားမှုကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် မူလမှုခင်းဖွင့်လှစ်၍ စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်း ဆုံးဖြတ်ရမည်ဟု ဖော်ပြထားသကဲ့သို့ ပုဒ်မ ၂၃ ပုဒ်မခွဲ(က) တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပုဒ်မ ၂၂ အရ ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူက ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ အယူခံနိုင်သည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ အထက်ပါ လယ်ယာမြေဥပဒေ ပုဒ်မ ၂၂ နှင့် ပုဒ်မ ၂၃ တို့အရ သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်ကြီးကျေးရွာနေ ဦးအုန်းသွင်လယ်ယာမြေနှင့် ဦးတင်ကို အိမ်ခြံမြေ အငြင်းပွားမှုအတွက် စီရင်ပိုင်ခွင့်ရှိသူမှာ သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သာ ဖြစ်ကြောင်း သိသာထင်ရှားစေပါသည်။ သို့အတွက် သနပ်ပင်မြို့နယ် တရားရုံးတော်၏ တရားမကျင့်ထုံး ဥပဒေအရ စီရင်ဆုံးဖြတ်ခြင်းအား ပယ်ဖျက်စေ၍ နစ်နာမှုများအပေါ် ပြန်လည်စိစစ် တည့်မတ်ဆောင်ရွက် ပေးနိုင်ပါရန် အစီစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။