(က)-မယ်စဲ့မြို့ပေါ်၌ ရေစုကန်နှင့် မယ်စဲ့ကျေးရွာအုပ်စု၊ ဟိုစဲ့ကျေးရွာတွင် တည်ရှိသော ဟိုစဲ့မြို့သစ် ဆည်ကို ပညာရှင်ဖြင်‌့ ပြန်လည်ပြုပြင် ထိန်းသိမ်းပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

ပထမအပိုင်းအနေဖြင့် မယ်စဲ့မြို့ပေါ်တွင်တည်ရှိနေသော မယ်စဲ့ရေစုကန် ကိစ္စဖြစ်ပါကြောင်း၊ အဆိုပါမယ်စဲ့ ရေစုကန်သည် ဘဏ္ဍာငွေမြောက်မြားစွာ ကုန်ဆုံးပြီး ယနေ့အထိ ပြည်သူလူထုအတွက် အသုံးမဝင်သည့် ရေစုကန်လည်း ဖြစ်ပါကြောင်း၊ ရေစုကန်တည်ဆောက်ခြင်း၏ ရည်ရွယ်ချက်သည် မယ်စဲ့မြို့နယ် ပြည်သူလူထုအတွက် တည်ဆောက်ပေးခြင်း ဖြစ်သည်ဟု သိရပါကြောင်း၊ သို့သော်လည်း ပြည်သူလူထုအတွက် သောက်သုံးရေလည်း သုံးစွဲခွင့်မရ၊ စိုက်ပျိုးရေလည်း စိုက်ပျိုးခွင့် မရ ဖြစ်နေခြင်းမှာ နှစ်အတော်ကြာနေပြီလည်း ဖြစ်ပါကြောင်း၊ စနစ်အမှားတစ်ခုကြောင့် တည်ဆောက်ခဲ့သည့် ရေစုကန်ကို ပစ်ထားမည်ဆိုပါက တိုင်းပြည်ဘဏ္ဍာငွေကို အလဟဿ ဖြုန်းတီးနေသည်နှင့် အတူတူဖြစ်နေပါကြောင်း၊ အဆိုပါရေစုကန်၏ အဓိကပြဿနာက ရေမနေခြင်း ပြဿနာဖြစ်နေပါကြောင်း၊ မိုးတွင်းကာလတွင်သာ ရေရရှိပါကြောင်း၊ ထို့ကြောင့် ရေစုကန် တည်ဆောက်မည်ဆိုလျှင် ပညာရှင်ဖြင့် သေချာတိုင်းတာပြီးမှ ပြည်သူလူထုအတွက် အကျိုးပြုစေမည့် အရာအဖြစ် တည်ဆောက် စေလိုပါကြောင်း၊ ထို့ကြောင့် ရေစုကန်ကို ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးပြုနိုင်မည့် ရေစုကန်ပြန်လည် ဖြစ်နိုင်အောင် ပညာရှင်ဖြင့် ပြုပြင်ထိန်းသိမ်းပေး နိုင်ရန် တောင်းဆိုလိုခြင်း ဖြစ်ပါကြောင်း၊

ဒုတိယအပိုင်းအနေဖြင့် မယ်စဲ့မြို့နယ် မယ်စဲ့အုပ်စု မယ်စဲ့ကျေးရွာတွင်တည်ရှိသည့် ဟိုစဲ့မြို့သစ် ဆည်ဟု အမည်ရပါကြောင်း၊ ကယားပြည်နယ်အတွင်း တည်ရှိသည့် ဆည်ကြီးတစ်ဆည် အပါအဝင်လည်း ဖြစ်ပါကြောင်း၊ ကယားပြည်နယ်နေ့ အခမ်းအနားကျင်းပသည့်အခါ ပြခန်းများတွင် ပြသခြင်းခံရသည့် ဆည်ကြီးလည်း ဖြစ်ပါကြောင်း၊ ပြခန်းများတွင် ဟန်ရေးပန်ရေးဖြင့် ပြသခြင်းခံရခြင်းမှာလည်း လက်တွေ့မြေပြင်တွင် ပြခန်းမှာ ပြထားသည့်ပုံနှင့် တခြားစီဖြစ်နေပါကြောင်း၊ မယ်စဲ့မြို့နယ် ဟိုစဲ့ကျေးရွာတွင်တည်ရှိသည့် ဟိုစဲ့မြို့သစ်ဆည်သည်လည်း မယ်စဲ့မြို့ပေါ်က ရေစုကန်နှင့် ထိုနည်းလည်းကောင်း အတူတူဖြစ်ပါကြောင်း၊ သို့သော်လည်း လတ်တလောတွင် ပြည်သူလူထုအတွက် မည်သို့မျှအကျိုးမပြုခြင်းမှာက စိတ်မကောင်းစရာ ဖြစ်ပါကြောင်း၊ ၎င်းဆည်ကို တည်ဆောက်ရန်အတွက် ပြည်သူလူထုကို ကြွေးကြော်ထားသည်က ၂၄ နာရီ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေရရှိရေးနှင့် သောက်သုံးရေရာသီမရွေး ရရှိရေးဆိုသည့် ကြွေးကြော်သံဖြင့် တည်ဆောက်ခြင်းလည်း ဖြစ်ပါကြောင်း၊ ယခု တိုင်းပြည်ဘဏ္ဍာငွေကို သိန်းပေါင်း ထောင်ချီသုံးစွဲပြီး မည်သည့်အတွက်ကြောင့် ဆည်ကို ဆည်နှင့်မတူအောင် မတည်ဆောက်နိုင်ကြ သနည်း ဆိုသည့်မေးခွန်း ထုတ်ချင်လာပါကြောင်း၊ အဓိကပြဿနာက ပညာရှင်မပါဘဲ ဆည်တည်ဆောက်ခြင်း ဖြစ်သည်ဟု ယူဆမိပါကြောင်း၊

ပထမပိုင်းက တင်ပြထားသည့် မယ်စဲ့ရေစုကန်နှင့် အလားတူဖြစ်ပါကြောင်း၊ ယခု မိုးတွင်းရေရရှိပြီး နွေရာသီနှင့်ဆောင်ရာသီတွင် ရေမရပါကြောင်း၊ ရေမရှိသည့်အတွက် နွေစပါးလုပ်မည့် တောင်သူများ၊ ကြက်သွန်စိုက်မည့် တောင်သူများအတွက် ရေအခက်အခဲ ဖြစ်နေပါကြောင်း၊ မိမိတို့ မယ်စဲ့မြို့နယ်၏ တောင်သူလယ်သမားများသည် တစ်နှစ်လုံးမှ စပါးတစ်ကြိမ်ကိုသာ စိုက်ပျိုးခွင့်ရကြပါကြောင်း၊ ဆည်ကြီးရှိပြီး ရေမရှိသည့် ပြဿနာကြောင့် မိုးတွင်းတစ်မိုးကိုသာ စိုက်ပျိုးခွင့်ရရှိနေခြင်း ဖြစ်ပါကြောင်း၊ တိုင်းပြည်ဘဏ္ဍာငွေ မြောက်မြားစွာသုံးပြီး တည်ဆောက်ထားသော ဟိုစဲ့မြို့သစ် ဆည်ကြီးကို ပြည်သူလူထုအတွက် အမှန်တကယ်ပြန်လည် အကျိုးဖြစ်ထွန်းလာနိုင်အောင် ရေလည်း နွေ၊ မိုး၊ ဆောင်း အစဉ်အမြဲရှိနေအောင် ပညာရှင်ဖြင့် ပြန်လည်စမ်းသပ်ပြီး ပြုပြင်ထိန်းသိမ်း ပေးနိုင်ခြင်း ရှိ/မရှိသိရှိ လိုပါကြောင်း မေးမြန်းပါသည်။