(ခ)-ကနီမြို့နယ်၊ တောင်နီစိမ့်ကွင်းနှင့် ကံတောစိမ့်ကွင်းများရှိ စိုက်ပျိုးရန် ခက်ခဲလျက် ရှိသော လယ်ယာမြေများနှင့် မြေလွတ်၊ မြေလပ်များအား စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်ရန် လယ်ယာမြေများ ဖော်ထုတ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
(ခ)-ကနီမြို့နယ်၊ ငုတ်ချောင်းစိမ့်ကွင်း၊ တောင်နီစိမ့်ကွင်းနှင့် ကံတောစိမ့်ကွင်းများရှိ စိုက်ပျိုးရန် ခက်ခဲလျက် ရှိသော လယ်ယာမြေများနှင့် မြေလွတ်၊ မြေလပ်များအား အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်နိုင်ရန် စိမ့်နုတ်မြောင်းများတူးဖော်၍ စနစ်တကျလယ်ယာမြေများ ဖော်ထုတ်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ကနီမြို့နယ်၊ ငုတ်ချောင်းကျေးရွာအနီးရှိ ငုတ်ချောင်းစိမ့်ကွင်းသည် စိမ့်ရေတက်ရောက်လာမှု တဖြည်းဖြည်း ကျယ်ပြန့်လာသောကြောင့် စိုက်ပျိုးရန်ခက်ခဲလာသည့် လယ်ယာမြေများ တဖြည်းဖြည်း တိုးလာသကဲ့သို့ လုံးဝစိုက်ပျိုး၍မရတော့သည့် လယ်ယာမြေများလည်းရှိနေပါကြောင်း၊ ယခင် နှစ် ၃၀၊ ၄၀ ခန့်က ၎င်းနေရာရှိ လယ်ယာမြေများမှာ ပေ ၁၅၀၀၀ ခန့်ရှည်သည့် စိမ့်နုတ်မြောင်းတစ်ခု တူးဖော်ထား၍ စပါးစိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းခဲ့သည်ဟု သိရပါကြောင်း၊ စိမ့်နုတ်မြောင်း တိမ်ကောပျက်စီး လာသည်နှင့်အမျှ စိမ့်ရေတက်ရောက်လာမှု ပြန်လည်ဖြစ်ပေါ်လာပြီး တဖြည်းဖြည်းကျယ်ပြန့်လာကာ ယခု စိမ့်ရေတက်ဧရိယာသည် ဧက ၃၀၀ နှင့်အထက်တွင်ရှိသည်ဟု ဒေသခံများကခန့်မှန်းကြပါကြောင်း၊ ဤကဲ့သို့ တိမ်ကောပျက်စီးလျက်ရှိသည့် မူလစိမ့်နုတ်မြောင်းကို ပြန်လည်တူးဖော်ပြီး စိုက်ပျိုးမြေများ ပြန်လည်ဖော်ထုတ်ပေးရန် ဒေသခံများက တင်ပြတောင်းဆိုလျက်ရှိပါကြောင်း၊ ဒုတိယအနေဖြင့် တောင်နီစိမ့်ကွင်းသည် စိုက်ပျိုးဖြစ်ထွန်းနိုင်မည့် မြေဧက ၂၀၀ နှင့်အထက်ရှိကြောင်း တွေ့ရှိရပြီး ၂၀၁၇-၂၀၁၈ တွင် တိုင်းဒေသကြီးရန်ပုံငွေကျပ်သိန်း ၂၀၀ ကျော် အသုံးပြု၍ စိမ့်နုတ်မြောင်းပေအရှည် ၈၇၀၀ ခန့်တူးဖော်ခဲ့ပါကြောင်း၊ အထိုက်အလျောက် အောင်မြင်သည်ဟုသိရသော်လည်း စိမ့်နုတ်မြောင်းသည် လယ်ခြားမြောင်းခန့်သာ ရှိနေသည့်အတွက် ထပ်မံတူးဖော်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ တတိယအနေဖြင့် ကံတောစိမ့်ကွင်းဖြစ်ပါကြောင်း၊ အဆိုပါနေရာမှာလည်း စိမ့်တက်မြေ ဧရိယာသည် စိုက်ပျိုးနိုင်မည့်ဧရိယာ ဧက ရာနှင့်ချီရှိပြီး အရှည်ပေ ၆၅၀၀ ခန့်ရှိ စိမ့်နုတ်မြောင်း ဟောင်းသာလျှင် တိမ်ကောပျက်စီးနေသောကြောင့် ပြန်လည်တူးဖော်ပေးရန် လိုအပ်လျက်ရှိပါကြောင်း၊ ဖော်ပြပါ စိမ့်ရေတက်ဧရိယာများမှာ မူလစိမ့်နုတ်မြောင်းများနှင့် တူးဖော်ပြီး စိမ့်နုတ်မြောင်းများကို စနစ်တကျပြန်လည်တူးဖော်ပြီး စနစ်တကျလယ်ယာမြေများ ဖော်ဆောင်ပေးနိုင်ပါက ဧကထောင်ကျော်ခန့် ပြန်လည်စိုက်ပျိုးလုပ်ကိုင်လာနိုင်မည် ဖြစ်ပါကြောင်း၊ ၎င်းဒေသအတွက် များစွာအကျိုးပြု ဖြစ်ထွန်းလာမည် ဖြစ်သောကြောင့် ကနီမြို့နယ်၊ ငုတ်ချောင်းစိမ့်ကွင်း၊ တောင်နီစိမ့်ကွင်းနှင့် ကံတောစိမ့်ကွင်းများရှိ စိုက်ပျိုးရန်ခက်ခဲလျက်ရှိသော လယ်ယာမြေများနှင့် မြေလွတ်၊ မြေလပ်များအား အလွယ်တကူ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နိုင်ရန် စိမ့်နုတ်မြောင်းများတူးဖော်၍ စနစ်တကျ လယ်ယာမြေများ ဖော်ထုတ်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။