(ဂ)-ကြံခင်းမြို့နယ်၊ ကွန်ချောင်းတူးမြောင်းမကြီးပေါ်ရှိ ပြုပြင်ဆောင်ရွက်ရန် လိုအပ်သောတံတား ၈ စင်း အား မည်သည်‌့ဘဏ္ဍာရေးနှစ်တွင် စတင်ပြုပြင်ထိန်းသိမ်းပေးမည်ကို သိရှိလိုခြင်းနှင်‌့ စပ်လျဉ်းသည့် မေးခွန်း

2020-12-28

 

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ကွန်ချောင်းဆည်သည် ၂၀၀၁ ခုနှစ်က စတင် တည်ဆောက် ခဲ့ပြီး မြေသားတမံအမျိုးအစားဖြစ်ကာ အကျိုးပြုဧက ၂၀၀၀၀ ရှိပါကြောင်း၊ ၂၀၀၄-၀၅ ခုနှစ်တွင် လုပ်ငန်းများပြီးစီး၍ ဆည်ရေပေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ တူးမြောင်းမကြီး၏ အရှည်သည် ၁၆ မိုင်ခန့်ရှိပြီး ကြံခင်းမြို့နယ်အတွင်း အဓိကတူးဖော်ဖောက်လုပ်ထားပါကြောင်း၊ ယင်းတူးမြောင်းမကြီး ဖြတ်သန်းဖောက်လုပ်ရာဒေသများတွင် တူးမြောင်းတစ်ဖက်နှင်‌့တစ်ဖက် မြောင်းကူးတံတားများဖြင့် ဆက်သွယ်ထားရပါကြောင်း၊ နှစ်ကာလကြာမြင့်သည်နှင့်အမျှ ၎င်းတံတား များသည် ကြမ်းခင်းများကျိုးပေါက်ခြင်း၊ တောင်‌့တင်းခိုင်မာမှုမရှိခြင်း၊ အမာခံနံရံများ ကြံ့ခိုင်မှုမရှိခြင်း၊ ကမ်းကပ်ခုံများ ကြံ့ခိုင်မှု အားနည်းလာခြင်း၊ တံတားထောက်တိုင်များ တောင့်တင်းခိုင်မာမှု အားနည်းလာခြင်းများ ဖြစ်ပေါ်လာရပါကြောင်း၊ ကလို့ကွင်းအနောက်ရွာရှိ မြောင်းကူးတံတား၊ ပေတောကွက်သစ်ရွာထိပ်ရှိ မြောင်းကူးတံတား၊ ရွှေပန်းတောရွာနှင့် အမှတ် (၁၁) ရပ်ကွက်ကြားရှိ မြောင်းကူးတံတား၊ ရွှေပန်းတော-ထန်းကုန်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ မြောင်းကူးတံတား၊ ဝဲကြီး-ရွှေပန်းတောကျေးရွာချင်းဆက်လမ်းပေါ်ရှိ မြောင်းကူးတံတား၊ တိုက်ကြီး-ရေသောက်ကန်ကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ မြောင်းကူးတံတား၊ ကျောက်တိုင်-မြောက်ချောကုန်းကျေးရွာချင်းဆက်လမ်း ပေါ်ရှိ မြောင်းကူးတံတားနှင့် ကျောက်တိုင်-မြောက်ချောကုန်းကျေးရွာချင်းဆက်လမ်းပေါ်ရှိ ကွန်ချောင်း DY 6 ပေါ်ရှိ မြောင်းကူးတံတား စုစုပေါင်းတံတားရှစ်စင်းပေါ်တွင် အမှီပြုပြီး ကျေးရွာအုပ်စုသုံးစုမှ ဒေသခံပြည်သူများသည် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကိစ္စများကို ဆောင်ရွက်နေရပါကြောင်း၊ ယခုကဲ့သို့သောပွင့်လင်းရာသီတွင် မီးရေး၊ ထင်းရေးကိစ္စများရှိပါက ၎င်းတံတားများကိုသာ အသုံးပြုပြီး ဖြတ်သန်းသွားလာနေရပါကြောင်း၊ လက်ရှိအနေအထားတွင် တံတားများသည် မဖြစ်မနေပြုပြင် ထိန်းသိမ်းရမည့် အနေအထားတစ်ခုကို ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် ကြံခင်းမြို့နယ်၊ ကွန်ချောင်းတူးမြောင်းမကြီးပေါ်ရှိ ပြုပြင်ဆောင်ရွက်ရန် လိုအပ်လျက်ရှိသော မြောင်းကူးတံတား ရှစ်စင်းအား မည်သည်‌့ဘဏ္ဍာရေးနှစ်တွင် စတင်ပြုပြင်ထိန်းသိမ်းပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။