(ဃ)-လူဦးရေ၊ အမှုဖြစ်မှုနှုန်းနှင့် ခန့်အပ်သော တရားသူကြီးအချိုး ကွာဟချက်များသည့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် တရားသူကြီးများ ထပ်မံဖြည့်စွက်ခန့်ထားရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

လူဦးရေ၊ အမှုဖြစ်မှုနှုန်းနှင့် ခန့်အပ်သော တရားသူကြီးအချိုး ကွာဟချက်များသည့် တိုင်းဒေသကြီး/ ပြည်နယ် များတွင် တရားသူကြီးများ ထပ်မံဖြည့်စွက်ခန့်ထားရန် အစီအစဉ်ရှိ/မရှိ၊ လောလောဆယ် ဖြည့်စွက် ခန့်ထားရန်အခက်အခဲများရှိပါက လူဦးရေ/အမှုဖြစ်မှုနှုန်းနှင့် ခန့်အပ်ထားသည့် တရားသူကြီး အချိုးနည်းသည့် တိုင်းဒေသကြီး/ပြည်နယ်မှ အချိုးများသည့် တိုင်းဒေသကြီး/ပြည်နယ်များသို့ အတတ်နိုင်ဆုံးညီမျှအောင် စီမံဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိတို့နှင့် စပ်လျဉ်းသည့်မေးခွန်း

တရားရုံးများသည် တရားမျှတမှုရရှိရေးအတွက် ပြည်သူများ၏ အဓိက အားထားရာဖြစ်သည့်အတွက် ပြည်သူများယုံကြည်အားကိုးသည့် တရားရုံးများဖြစ်စေရန် တရားရုံးများကို မှန်မှန်ကန်ကန်နှင့် မြန်မြန်ဆန်ဆန် ဆုံးဖြတ်ပေးနိုင်ရန်သည် အရေးကြီးဆုံးဖြစ်ပါကြောင်း၊ အမှုတစ်ခုကို စီရင် ဆုံးဖြတ်ပါက ဥပဒေပညာ ဗဟုသုတအပြင် ကောင်းမွန်သည့် တွေးခေါ်ဆင်ခြင်မှုများကို တစ်မှုချင်းစီအလိုက် အချိန်ယူ ဆောင်ရွက်ပါ ကြောင်း၊  တရားသူကြီးတစ်ဦးက အမှုအရေအတွက် နည်းနည်းကိုစီရင်ရလျှင် ဆင်ခြင် သုံးသပ် ရန်  အချိန်ပို ရမည်ဖြစ်သကဲ့သို့ အမှုအရေအတွက် အများအပြားကို စီရင်ဆုံးဖြတ်ရပါက ဆင်ခြင်သုံးသပ်မှု အချိန် ပိုနည်းသွားမည်ဖြစ်ပါကြောင်း၊

၂၀၁၂ ခုနှစ် တရားစီရင်ရေးအစီရင်ခံစာကို လေ့လာရာတွင် လူဦးရေမြင့်မားနေသည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင် ခန့်အပ်ထားသည့် တရားသူကြီးဦးရေသည် လူဦးရေနှင့် အမှုဖြစ်မှုနှုန်း နည်းသည့် ပြည်နယ်/ တိုင်းဒေသကြီးများတွင် ခန့်ထားသည့် တရားသူကြီးဦးရေထက် နည်းနေသည်ကို သိရှိရပါကြောင်း၊ ကယားပြည်နယ်တွင် တရားသူကြီး (၄) ဦး၊ ချင်းပြည်နယ်တွင် တရားသူကြီး (၄) ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားသူကြီး(၃)ဦး ခန်အပ်ထားရာ လူဦးရေများသည့်  စစ်ကိုင်းတိုင်း‌ ဒေသကြီးတွင် တရားသူကြီး(၃)ဦး သာရှိပါကြောင်း၊ နှစ်အလိုက်အမှုလက်ခံစီရင် ဆုံးဖြတ်ရသည့် အမှုများကို ကြည့်မည်ဆိုပါက ကယားပြည်နယ်တွင် ရာဇဝတ်မှု ၄၇  မှုတွင် တရားသူကြီးက (၄) ဦးရှိသည့်အတွက် အချိုးချဆိုပါက တရားသူကြီးတစ်ဦးအနေလျှင် အမှု ၁၁ မှုကို စီရင်ဆုံးဖြတ်ရပါကြောင်း၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ရာဇဝတ်မှုက ၈၃၂ မှုတွင် တရားသူကြီးက (၃)ဦးသာရှိသည့်အတွက် တစ်နှစ်ဆိုပါက တရားသူကြီး တစ်ဦးလျှင် ၂၇၇ မှုကိုင်တွယ်ရပါကြောင်း၊ ချင်းပြည်နယ်တွင် (၄) ဦးရှိပြီး ရာဇဝတ်မှုသည် တစ်နှစ်ကို ၃၇ မှုရှိသည့်အတွက် တရားသူကြီးတစ်ဦးလျှင် အမှု ၉ မှုကို ကိုယ်တွယ်ရပါကြောင်း၊  ရန်ကုန်တိုင်းဒေသကြီးတွင် အမှုပေါင်းက ၈၆၇ မှု၊ တရားသူကြီးက (၇)ဦးရှိသည့်အတွက် တရားသူကြီး တစ်ဦးလျှင် ၁၂၃ မှုကိုင်တွယ်ရပါကြောင်း၊

ထို့ကြောင့် လူဦးရေဖြစ်မှုနှုန်းနှင့် ခန့်အပ်သည့် တရားသူကြီးအချိုးကွာဟချက်များကို တိုင်းဒေသကြီး/ ပြည်နယ်များတွင် တရားသူကြီးနည်းသည့် ပြည်နယ်များတွင် ထပ်မံဖြည့်စွက်ခန့်အပ်ပေးထားရန် အစီအစဉ် ရှိ/မရှိ၊  ယခုအချိန်တွင် ဖြည့်စွက်ခန့်ထားရန်အခက်အခဲရှိပါက လူဦးရေဖြစ်မှုနှုန်းနှင့် ခန့်အပ်ထားသော တရားသူကြီးအချိုးနည်းသည့် တိုင်းဒေသကြီး/ပြည်နယ်မှ တရားသူကြီးအချိုးများသည့် တိုင်းဒေသကြီး/ ပြည်နယ်များမှ အတတ်နိုင်ဆုံးညီမျှအောင် စီမံဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။