(ဂ)-တကား-လူလွန်းကြား Box Culvert ၂၀ စင်းတည်ဆောက်ခြင်း၊ တကား- လိန်နုတ်-တိုက်တီးလမ်းကျောက်ခင်းခြင်း နှင်‌့ နန်ဖာ-တိုက်တီး-တကား-ရှင်ဗွေယန်ကြား မြေသားလမ်းဖောက်လုပ်ခြင်းတို့အား မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

2020-12-28

 

(ဂ)-နန်းယွန်းမြို့နယ်ရှိ တကား-လူလွန်းကြား (၅) ပေ Box Culvert ၂၀ စင်းတည်ဆောက်ခြင်း၊ တကား- လိန်နုတ်-တိုက်တီးလမ်းတွင် (၅)မိုင်ကျောက်ခင်းခြင်းနှင်‌့ နန်ဖာ-တိုက်တီး-တကား-ရှင်ဗွေယန်ကြား မြေသားလမ်း(၁၀) မိုင်ဖောက် လုပ်ခြင်းတို့အား မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းတို့နှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

မိမိမေးမြန်းမည့် ဒေသအပိုင်းတွင် ကျေးရွာအုပ်စုလေးစု၊ ကျေးရွာခုနစ်ရွာရှိပြီး လူဦးရေ ၇၀၀၀ ကျော် နေထိုင်လျက်ရှိကြပါကြောင်း၊ မြို့နယ်မှ ၃၆ မိုင်အကွာအဝေးကို ကုန်းကြောင်းခရီးဖြင့်သွားရပြီး မိုင် ၄၀ ခန့် အကွာအဝေးကို ရေကြောင်းခရီးဖြင့်ဆက်ပြီး ခက်ခက်ခဲခဲသွားလာကြရပါကြောင်း၊ မြို့နယ်အုပ်ချုပ်မှုနှင့် လက်လှမ်းမမီသော ကျေးလက်ဒေသအပိုင်းဖြစ်ပြီး ရွာများတွင် လူမှုရေးပြဿနာ အခက်အခဲများ ရှိလာသည့်အခါ အချိန်နှင်‌့တစ်ပြေးညီ သတင်းဆက်သွယ်၍မရသကဲ့သို့ အချိန်မီကူညီ ကယ်ဆယ်မှုများ ဆောင်ရွက်မှုမပေးနိုင်သည့်အတွက် ဒေသခံပြည်သူများသည် လူ့အခွင်‌့အရေးများ များစွာဆုံးရှုံးနစ်နာနေကြရပါကြောင်း၊ ဒေသခံပြည်သူများသည် ဆန်နှင်‌့စက်သုံးဆီများ၊ အခြားစားသောက်ကုန် အားလုံးကို မြစ်ကြီးနားမြို့၊ တနိုင်းမြို့မှဝယ်ယူပြီး ကုန်းလမ်းခရီးမရှိသည့်အတွက် ရေကြောင်းလမ်းအတိုင်း ခက်ခက်ခဲခဲသယ်ယူ အသုံးပြုကြရပါကြောင်း၊ ထို့ကြောင်‌့ မြို့နယ်နှင်‌့အလွယ်တကူ ချိတ်ဆက်၍ရနိုင်သည့် ကုန်းကြောင်းမြေသားလမ်းကို အထူးသဖြင်‌့ အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ပေးပြီး ပြည်သူလူထုတို့၏ လူနေမှုဘဝကို မြှင့်တင်ပေးရန်တင်ပြခြင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၁၇-၁၈ ခုနှစ် ပြည်ထောင်စုဘတ်ဂျက်တွင် နန်ဖာ-တိုက်တီး-တကား-ရှင်ဗွေယန်မြေသားလမ်း ၁၀ မိုင်၊ တကား-လူလွန်းကြားမြေသားလမ်း ၁၀ မိုင်အနက် ငါးမိုင်မြေသားလမ်းပေါ်တွင် ၅ ပေ Box Culvert အစင်း (၂၀) ၊ တကား- လိန်နုတ်-တိုက်တီးလမ်းတွင် ၅ မိုင်ကျောက်ခင်းခြင်း ချထားပေးခဲ့သော်လည်း ကချင်ပြည်နယ်အတွင်း စစ်မက်ဖြစ်ပွားမှုကြောင်‌့ လုံခြုံရေးအရ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ရုပ်သိမ်းပေးခဲ့ပါကြောင်း၊ လုပ်ငန်းများပြန်လည်ဆောင်ရွက် ပေးနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီး လွှတ်တော်ရောက်လာချိန်တွေ့ဆုံပြီး တင်ပြမေးမြန်းခဲ့သည့်အခါ ပစ်ခတ်တိုက်ခိုက်မှု ရပ်သွားသည်နှင့် ချက်ချင်းပြန်လည်ဆောင်ရွက်ပေးမည်ဟု ကတိပေးပြောကြားခဲ့ပါကြောင်း၊ ယခုချိန်တွင် ပစ်ခတ်တိုက်ခိုက်မှုများလည်း မရှိတော့ပါကြောင်း၊ တပ်မတော်ဘက်ကလည်း လုံခြုံရေးအပြည်‌့အဝဖြင့် အခြေချနေပြီဖြစ်သည့်အတွက် အထက်တွင်ဖော်ပြခဲ့သော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို မည်သည်‌့အချိန်တွင် ပြန်လည်ချထား ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။