(က)-နိုင်ငံတစ်ဝန်း နားမကြားကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသားများနှင်‌့ ကျောင်းသို့ရောက်ရှိမလာသော ကလေးသူငယ်များ၊ အရွယ်ရောက်ပြီးသူများ၏ ဘဝရှေ့ရေး လုံခြုံစွာ ရပ်တည်နိုင်ရေး မည်သို့ဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-28

(က)-နိုင်ငံတစ်ဝန်းတွင် ဖွင့်လှစ်ထားရှိကြသည့် နားမကြားကျောင်းများရှိ ကျောင်းသူ၊ ကျောင်းသားများနှင်‌့ ကျောင်းသို့ရောက်ရှိမလာသော ကလေးသူငယ်များ၊ အရွယ်ရောက်ပြီးသူများ၏ ဘဝရှေ့ရေး လုံခြုံ ချောမွေ့စွာ ရပ်တည်နိုင်ရေးအတွက် မည်သို့စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည့် မေးခွန်း

နိုင်ငံတော်ကို စတင်ထူထောင်ခဲ့ကြသည့် နိုင်ငံသူနိုင်ငံသားများသည် အမြော်အမြင်ကြီးမားပြီး နူးညံ့သိမ်မွေ့ကြသူများ ဖြစ်ပါကြောင်း၊ ထို့ကြောင့် မွေးရာပါမသန်စွမ်း ဦးရေသည် တခြားနိုင်ငံသားများနှင်‌့ နှိုင်းယှဉ်လျှင် ရာခိုင်နှုန်းအားဖြင့် များနေသော်လည်း မိမိပတ်ဝန်းကျင်တွင် အတွေ့နည်းနေရခြင်း ဖြစ်ပါကြောင်း၊ ၎င်းသည် နိုင်ငံသူ/သားများ၏ လူ့အသိုင်းအဝိုင်း တစ်ခုလုံးအပေါ် ထားရှိသည့် တန်ဖိုးကိုဖော်ပြခြင်း ဖြစ်သဖြင့် ဂုဏ်ယူရပါကြောင်း၊

နိုင်ငံတကာတွင် နားမကြားကလေးသူငယ်များ၊ တခြားကလေးသူငယ်များနှင်‌့ ဆက်သွယ်ပြောကြား နိုင်ရေး၊ ပညာဗဟုသုတရှာဖွေနိုင်ရေးနှင်‌့ လွတ်လပ်စွာအသက်မွေးဝမ်းကျောင်း ပြုနိုင်ရေးအတွက် ရည်ရွယ်ချက်များနှင်‌့ လက်ဟန်ခြေဟန်နှင်‌့ ပြောဆိုခြင်းကို ရာစုနှစ်အတော်ကြာ ကတည်းက တီထွင်ဖန်တီးပြီး ပညာသင်ကြား ပေးခဲ့ကြပါကြောင်း၊ ၎င်းတို့ထဲမှ မိမိတို့ မြန်မာစာကိုလည်း သင်ကြားနေနိုင်ပြီ ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံတွင် နားမကြားသော ကလေးသူငယ်များအတွက် ပထမဦးဆုံး ဖွင့်လှစ်သင်ကြားပေးခဲ့သည်က ၁၉၂၀ ခုနှစ်က ရန်ကုန်မြို့ မယ်ရီချက်မင်းကျောင်း ဖြစ်ပါသည်။ ယခုဆိုလျှင် တစ်နိုင်ငံလုံးအတိုင်းအတာနှင်‌့ ရန်ကုန်တွင်နှစ်ကျောင်း၊ မန္တလေးတွင် တစ်ကျောင်းနှင်‌့ ကလေးမြို့မြို့ရွာ နားမကြားအပါအဝင် ကျောင်းပေါင်းလေးကျောင်း ဖွင့်လှစ်ထားပါကြောင်း၊ မြို့ရွာကျောင်းများဆိုလျှင် ၂၀၀၅ ခုနှစ် ကျောင်းသား/သူ ခြောက်ဦး၊ ဆရာမ နှစ်ဦးနှင်‌့ မြေအကျယ်အဝန်း ၁၅၀ ပေ ပတ်လည်အကျယ်အဝန်းတွင် ကိုယ့်အားကိုယ်ကိုး စတင် ထူထောင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခုဆိုလျှင် ကျောင်းသားဦးရေ ၃၉ ဦး၊ ဆရာမရှစ်ဦးထိ ရှိလာခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်တွင် အသင်းအဖွဲ့များ မှတ်ပုံတင်ဥပဒေနှင့်အညီ လျှောက်ထား ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ခွင့်ပြုချက်အမှတ် ၈၇/A နှင်‌့ ဥပဒေနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိယခုလို တင်ပြသည်မှာ အဖွဲ့အစည်းတစ်ခုခုကို ထင်ရှားပေါ်လွင်စေလိုသည့် ဆန္ဒမဟုတ်ပါကြောင်း၊ နိုင်ငံသူ/သားများ၏ တာဝန်ကျေပွန်မှုကို ပေါ်လွင်ထင်ရှားစေလိုသည့် စေတနာသက်သက် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင်‌့ ကလေးများ၊ မသန်စွမ်းသူများကို ယခုနှစ်ပိုင်းအတွင်း ပိုမိုထောက်ပံ့ပြီး စောင်‌့ရှောက်လာသည်ကို မျက်မြင် ကိုယ်တွေ့ဖြစ်ပါကြောင်း၊ သို့သော်လည်း ဆွံ့အနားမကြား သူများအတွက် အားနည်းနေသေးသည်ကို မိမိတို့မဲဆန္ဒနယ်မြေရှိ ပရဟိတနားမကြားကျောင်းလေးကို ကြည့်ခြင်းအားဖြင့် သိနိုင်ခြင်းဖြစ်ပါကြောင်း၊

ဆွံ့အနားမကြားသူများသည် ဉာဏ်ရည်အမျိုးမျိုးရှိကြပါကြောင်း၊ အချို့က အခြားသူများ၏ ရာနှုန်းပြည့်ကြည့်ရှု စောင်‌့ရှောက်မှု လိုအပ်သကဲ့သို့ အချို့သူများကို စနစ်ကျသည့် ထောက်ပံ့ကူညီမှု အချို့ကိုသာ ပေးနိုင်ခဲ့မည်ဆိုလျှင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်စွမ်း ရှိကြမည်ဆိုတာ လေ့လာတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည်မှာ နိုင်ငံတစ်ဝန်းလုံးတွင်  ဖွင့်လှစ်ထားရှိသော  နားမကြားကျောင်းများ ကျောင်းသား/သူများနှင်‌့ ကျောင်းသို့ရောက်ရှိ မလာသော ကလေးသူငယ်များ၊ အရွယ်ရောက်သူများ ဘဝရှေ့ရေးလုံခြုံချောမွေ့စွာ ရပ်တည်နိုင်ရေးအတွက် နိုင်ငံတော်မှ မည်သို့စီမံဆောင်ရွက် ထားသည်ကို သိရှိလိုပါသဖြင့် မေးမြန်းပါသည်။