(ခ)-ဗန်းမောက်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနရုံးနှင့် စံပြမူကြိုကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့မြို့နယ်တွင် ဂတူး၊ ဂနန်း၊ ရှမ်းနီစသည့် လူမျိုးများနေထိုင်ကြပါကြောင်း၊ ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု ၄၇ အုပ်စု၊ ကျေးရွာပေါင်း ၂၂၁ ရွာရှိပြီးမှ အခြေခံပညာ စာသင်ကျောင်းပေါင်း ၁၉၇ ကျောင်းရှိပါသည်။ ၂၀၁၂-၁၃ ခုနှစ် UNICEF အကူအညီဖြင့် မူကြိုကျောင်း ၁၄ ကျောင်း စတင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ ၂၀၁၃-၁၄ ခုနှစ်တွင် မူကြိုကျောင်း ၄၃ ကျောင်းဖြင့် ၂၀၁၄-၁၅ ခုနှစ်တွင် မူကြိုကျောင်း ၇၈ ကျောင်း ဖွင့်လှစ်ခဲ့ရာ ၁၃၅ ကျောင်း ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ၂၀၁၂-၁၃ ခုနှစ်တွင် ကျောင်း ၁၄ ကျောင်းအတွက် တစ်ကျောင်းလျှင် UNICEF ပံ့ပိုးမှု အဆောက်အဦအတွက် ခုနစ်သိန်း လစာအတွက် မတည်ငွေငါးသိန်း ထောက်ပံ့ရရှိခဲ့ပါကြောင်း၊ ကျန်ကျောင်းများကို ကျေးရွာများမှ ဆရာ/မ ငှားရမ်းခ ကျောင်း၏စီမံခန့်ခွဲမှုစရိတ်များ တာဝန်ယူခဲ့ရပါကြောင်း၊ နောင်နှစ်နှစ်ကြာလျှင် ဆရာ/မများကို အစိုးရမှခန့်ပေးပါမည်ဖြစ်ပြီး UNICEF မှ ပေးသောသင်တန်းကို စေတနာဖြင့် သင်ကြားပေးနိုင်သည့် လူငယ်များ သင်တန်းတက်ရောက်ပါက Certificate ထုတ်ပေးပါမည် ဖြစ်ပါကြောင်း၊ နောင်တွင် အလုပ်ခန့်ထားပေးပါမည်ဟု ကတိကြောင့် ယနေ့အထိ စေတနာ့ဝန်ထမ်း သင်ကြားပြသပေးနေသော ဆရာ/မများစွာ ရှိနေပါကြောင်း၊ ထိုဆရာ/မများကိုလည်း မူကြိုကျောင်းများတွင် တရားဝင်အလုပ်ခန့်ထား ပေးနိုင်ရေး ဆောင်ရွက်သင့်ပါကြောင်း၊
၂၀၁၇-၁၈ ခုနှစ်တွင် မူကြိုကျောင်း ၆ ကျောင်း ဆရာငှားရမ်းခ မတတ်နိုင်သဖြင့် ဆက်လက်ရပ်တည်နိုင်ခြင်း မရှိသည့်အတွက် ပိတ်သိမ်းခဲ့ပါကြောင်း၊ ၁၂၉ ကျောင်းသည် ဆက်လက်ဖွင့်လှစ် လျက်ရှိပြီး ယင်းပိတ်သိမ်း ၆ ကျောင်းဖြင့် ဆက်လက်ရပ်တည်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ၁၂၉ ကျောင်းအား နိုင်ငံတော်မှ မည်သို့စီစဉ်ဆောင်ရွက် ပေးမည်ကို ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေချထားရေး ဝန်ကြီးဌာနက ပိတ်သိမ်း ၆ ကျောင်းအား မိခင်ဝိုင်းအဖြစ် ဖွဲ့စည်းပေးပါမည်၊ ဆက်လက်ရပ်တည် ၁၂၉ ကျောင်းအား လူမှုဝန်ထမ်း ဦးစီးဌာနက အပ်နှံလိုပါက ရှေးဦးကလေးသူငယ် ပြုစုပျိုးထောင်ရေး ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေနှင့်အညီ တည်ထောင်ခွင့် လျှောက်ထားနိုင်ပြီး တည်ထောင်ခွင့်ပြုမိန့်ရရှိသော ကျောင်းများအား အချက် (၁၁) ချက်နှင့်အတူ လွှဲပြောင်းအပ်နှံလက်ခံလျက် ရှိကြောင်းကို ဖြေကြားခဲ့ပါသည်။ ပိတ်သိမ်းမူကြိုကျောင်း ၆ ကျောင်းအား မိခင်ဝိုင်းခြောက်ဝိုင်း ထူထောင်ပေးခဲ့သဖြင့် ဒေသခံပြည်သူများက အထူးကျေးဇူးတင်လျက် ရှိပါကြောင်း၊ ရပ်တည်နေသော ၁၂၉ ကျောင်းအား အခြေခံပညာ ကျောင်းများတွင် ဖွင့်လှစ်ထားသော်လည်း ပညာရေးဝန်ကြီးဌာနမှ ဆရာ/မများ ခန့်ထားပေးခြင်း မရှိသကဲ့သို့ လူမှုဝန်ထမ်းဦးစီးဌာနသို့ အပ်နှံရန်အချက် (၁၁) ချက်တွင် ကျောင်းအဆောက်အဦ၊ မြေနေရာ လွှဲပြောင်းမှုစာရင်း၊ ကျောင်းအဆောက်အဦပုံစံ၊ Slide Plan မြေပိုင်ဆိုင်မှု အထောက်အထား၊ ပုံစံ (၁၀၅)၊ (၁၀၆) စသည်များကို ပညာရေးဌာနပိုင်ဆိုင်သည့် မြေနေရာတွင် တည်ဆောက်ခဲ့သဖြင့် လွှဲပြောင်းရန် အခက်အခဲများစွာ ဖြစ်နေပါကြောင်း၊
ယခုနှစ် လူထုဗဟိုပြု စီမံကိန်းတွင် ဆောင်ရွက်နေသော မူကြိုကျောင်းများ တည်ဆောက်ရာ မူကြိုကျောင်းပိုင် မြေနေရာစီမံ၍ သီးခြားဆောက်လုပ်ပြီး လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံရန် စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဝန်ကြီးဌာနမှ လက်ခံဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း၊ ဗန်းမောက်မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနရုံး ဖွင့်လှစ်ပေးရန် မြေနေရာများကိုလည်း စီစဉ်ဆောင်ရွက်ထားပြီး အထောက်အထားများဖြင့် တင်ပြထားပြီး ဖြစ်ပါကြောင်း၊ ဖွင့်လှစ်ပေးပါက မူကြိုကျောင်းအတွက် မှတ်ပုံတင်ခြင်း၊ ခွင့်ပြုမိန့်များထုတ်ပေးခြင်း၊ ထောက်ပံ့ကြေးပေးခြင်း၊ သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးခြင်းနှင့် နည်းပညာအကူအညီ အထောက်အပံ့များ ကူညီဆောင်ရွက်နိုင်ပြီးမှ စံပြမူကြိုကျောင်း ဖွင့်လှစ်ပေးခြင်းဖြင့် စနစ်ကျသော သင်ကြားမှုနည်းများ လက်တွေ့သင်ကြား ပြသနိုင်မည် ဖြစ်သည့်အတွက် ဗန်းမောက်မြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနရုံးနှင့် စံပြမူကြိုကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိသိလိုပါကြောင်း မေးမြန်းပါသည်။