(က)-မြင်းမူမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာအုပ်စု ၁၇ စုက ကျေးရွာ ၃၀ ရှိ မော်တော်ယာဉ် များ(အားလုံး)နှင့် ထော်လာဂျီများကို မည်သည့်အချိန်တွင် တိုးဂိတ်အားအခမဲ့ဖြတ်သန်း ခွင့်ပြုမည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

မိမိတို့မြို့နယ်အတွင်း ကျေးရွာများသွားလာရေးအဆင်ပြေစေရန်နှင့် မြို့နယ်အတွင်း ကုန်စည် စီးဆင်းမှုလွယ်ကူစေရေးအတွက်ရည်ရွယ်ပြီး B.O.T စာချုပ်တွင်မပါသော မြင်းမူမြို့က တိုးဂိတ် ကိုဖျက်သိမ်းပေးရန် မိမိမေးခွန်းမေးမြန်းခဲ့ဖူးပါကြောင်း၊ ၎င်းမေးခွန်းကို ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီးကဖြေကြားရာတွင် တိုးဂိတ်ဖျက်သိမ်းရန်အစီအစဉ် မရှိကြောင်းနှင့် မြို့နယ် အတွင်း သွားလာရေးအဆင်ပြေစေရန် ၃ မိုင်အတွင်းတည်ရှိသော ကျေးရွာများကို အခမဲ့ဖြတ်သန်း ခွင့်ပြုမည်ဟု ဖြေကြားခဲ့သော်လည်း တကယ်ခွင့်ပြုသည့်အခါ ကားအားလုံးပါမလာဘဲ အိမ်စီးကား ငယ်များကိုသာ ခွင့်ပြုပေးခဲ့ပါကြောင်း၊ ကျေးရွာများသည် အိမ်စီးကားရှားပါကြောင်း၊ မြို့နှင့်ဆက်သွယ်ရာတွင်၊ ကုန်စည်ရောင်းဝယ်ရာတွင် ကားကြီးများ၊ ထော်လာဂျီများကိုသာ အသုံးပြုကြသည်မှာများပါကြောင်း၊

ထို့ကြောင့် ဝန်ကြီးဌာနကခွင့်ပြုပေးခဲ့သော အခမဲ့ဖြတ်သန်းခွင့်သည် ပြည်သူလူထုအတွက် အကျိုး သက်ရောက်မှုအလွန်နည်းခဲ့သည့်အပြင် တိုးဂိတ်နှင့် ၃ မိုင်အတွင်း မြင်းမူ-အရာတော်- နောင်ကြီး အိုင်လမ်းနှင့် ကျေးရွာချင်းဆက်လမ်းများရှိသည့်အတွက် ၎င်းလမ်းများကလာသည့်ကားများ အတွက် ထည့်သွင်းစဉ်းစားပေးရန်လိုအပ်သည်ဟု ဆက်စပ်မေးခွန်းတွင် မိမိမေးခဲ့ပါကြောင်း၊ ဒုတိယဝန်ကြီးက သင့်တင့်သည့်နှုန်းထားတစ်ခုဖြင့် ညှိနှိုင်းဆောင်ရွက်ပေးမည်ဟု ပြန်လည် ဖြေကြားခဲ့သော်လည်း လက်တွေ့ခွင့်ပြုသည့်အခါ တစ်ရွာမျှပါမလာပါကြောင်း၊ ဒုတိယဝန်ကြီး၏ ဖြေကြားချက်နှင့် အောက်ခြေကအကောင်အထည်ဖော်မှုများသည် ကွဲလွဲနေသည်ဟု တင်ပြ ခဲ့သော်လည်း နှစ်နှစ်ကျော်ကြာသည့်ယနေ့အထိ ၃ မိုင်အတွင်း အိမ်စီးကားများကိုသာ အခမဲ့ ဖြတ်သန်းခွင့်ပြုနေသည့်အတွက် ယခုကဲ့သို့မေးခွန်းမေးမြန်းရသည့်အခြေအနေကို ရောက်ရှိ လာခြင်းဖြစ်ပါကြောင်း၊

မြင်းမူမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာအုပ်စု ၁၇ စုက ကျေးရွာ ၃၀ သည် မြင်းမူမြို့နယ် ဖြစ်ဖြစ်၊ အခြားမြို့နယ်အတွင်းရှိကျေးရွာများနှင့်ဖြစ်ဖြစ် ဆက်သွယ်သွားလာသည့်အခါ အဆိုပါ တိုးဂိတ်ကို မဖြစ်မနေဖြတ်သန်းရသည့်အခါ လမ်း၏ ၃၊ ၄ မိုင် ကိုသာအသုံးပြုပြီး စစ်ကိုင်း ကလာသည့်ကြေးကို ပေးနေရပါကြောင်း၊ ထိုနည်းတူစွာ မြို့နယ်၏အနောက်ဘက်ခြမ်းရှိ ကျေးရွာ များကလည်း အရှေ့ဘက်ခြမ်းက မိမိမြို့နယ်တွင်းကျေးရွာတစ်ခုကိုသွားသည့်အခါစစ်ကိုင်းကို သွားမည့်ကြေးပေးနေရပါကြောင်း၊  မိမိတို့မြို့နယ်ရှိပြည်သူလူထုများအတွက်အနှောင့်အယှက် အဟန့်အတားတစ်ခုဖြစ်နေပြီး ဝန်ထုပ်ဝန်ပိုးဖြစ်နေသလိုဖြစ်နေပါကြောင်း၊ မြင်းမူမြို့နယ်ကို နှစ်ပိုင်းပိုင်းထားသလိုလည်း ဖြစ်နေသည့်အတွက် မြင်းမူမြို့နယ်အတွင်း သွားလာရေးလွယ်ကူ စေရန်၊ ကုန်စည်စီးဆင်းမှုအဆင်ပြေစေရန်ရည်ရွယ်ပြီး မြင်းမူမြို့နယ်အရှေ့ဘက်ခြမ်းရှိ ကျေးရွာ အုပ်စု ၁၇ စုက ကျေးရွာ ၃၀ ရှိ မော်တော်ယာဉ်များ(အားလုံး)နှင့် ထော်လာဂျီများကို မည်သည့် အချိန်တွင် တိုးဂိတ်အားအခမဲ့ဖြတ်သန်းခွင့်ပြုမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။