(က)-ပြည်ပသို့ တရားမဝင်ငွေလွှဲဝန်ဆောင်မှု (Hundi) နှင့် ပတ်သက်ပြီး သက်ဆိုင်ရာအနေဖြင့် မည်ကဲ့သို့ကိုင်တွယ် ဖြေရှင်းမည်နည်း၊ တရားမဝင် ငွေကြေးလွှဲပြောင်းခြင်းကြောင့် နိုင်ငံ့အပေါ် ဖြစ်ပေါ်လာသည့် အကျိုးဆက်တို့ကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
ပြည်ပသို့ တရားမဝင်ငွေလွှဲဝန်ဆောင်မှု(Hundi)နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြည်ပသို့ တရားဝင်ငွေလွှဲခွင့်ပြုထားသည့်ဘဏ်အရေအတွက်နှင့် နိုင်ငံသားတစ်ဦးလျှင် တရားဝင် ငွေလွှဲခွင့်ပြုထားသည့်စုစုပေါင်း ငွေကြေးပမာဏသိလိုခြင်း၊ ပြည်ပသို့ တရားဝင်ငွေကြေးလွှဲပြောင်းခွင့် နှင့်ပတ်သက်၍ သက်ဆိုင်ရာအနေဖြင့် မည်ကဲ့သို့ကိုင်တွယ်ဖြေရှင်းမည်နည်း၊ တရားမဝင် ငွေကြေးလွှဲပြောင်းခြင်းကြောင့် နိုင်ငံ့အပေါ် ဖြစ်ပေါ်လာသည့်အကျိုးဆက်တို့ကို သိလိုခြင်းတို့နှင့် စပ်လျဉ်းသည့်မေးခွန်း
မေးခွန်းနှင့်ပတ်သက်ပြီး ပြည်တွင်းကနေပြည်ပကို တရားဝင်ငွေလွှဲ ခွင့်ပြုထားသည့် ငွေကြေး Amount က လူတစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ သာရှိပါကြောင်း၊ ဒါကလည်း ဘဏ်တိုင်း မဟုတ်ပါကြောင်း၊ အကယ်၍ လွှဲခဲ့မည်ဆိုလျှင်လည်း မှတ်ပုံတင်မကဘဲ အိမ်ထောင်စု ဇယားပေးရမည့်အပြင် ငွေလွှဲပြောင်း ငွေလက်ခံသည့် သူများပါ အိမ်ထောင်စုဇယားထဲ ပါရမည် ဖြစ်ပါသည်ဟု သတ်မှတ်ထားပါကြောင်း၊ မိမိအနေဖြင့် ယခုလိုနည်းစနစ်များ ပြုလုပ်ခြင်းသည် တရားမဝင် ငွေလွှဲဝန်ဆောင်မှု ပြုလုပ်နေသူများအတွက် ပိုပြီးအားပေးရာရောက်သည့် ဝန်ဆောင်မှု စနစ်ဖြစ်ပါကြောင်း၊ ယခုလို ခက်ခဲသည့်စနစ်ကို မည်သူကမှ အချိန်များ အများကြီးပေးပြီး သွားလွှဲကြမည် မဟုတ်သကဲ့သို့ ဗဟိုဘဏ်အနေဖြင့်လည်း လွယ်ကူရှင်းလင်းသော ဝန်ဆောင်မှုများကို ဖန်တီးပေးရန် လိုအပ်နေပါကြောင်း၊ အထူးသဖြင့် Hundi ဟု အများခေါ်ဝေါ် နေကြသော ငွေလွှဲဖြတ်ပိုင်း ဝန်ဆောင်မှုများသည် သက်ဆိုင်ရာဝန်ကြီးဌာနတွင် လုံးဝမှတ်ပုံတင် ထားခြင်းမရှိကြပါကြောင်း၊ များသောအားဖြင့် အချင်းချင်းချိတ်ဆက်ပြီး ဝန်ဆောင်မှုများကို မသိအောင် ပြုလုပ်ကြခြင်း ဖြစ်ပါကြောင်း၊
၁၅-၁၂-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပြဋ္ဌာန်းထားသော နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေနှင့် ၁၄-၃-၂၀၁၄ ရက်နေ့တွင် ပြဋ္ဌာန်းထားသော ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေရှိသော်လည်း အမှန်တကယ်မြေပြင်တွင် ဖြစ်ပျက်နေသော အရာများနှင့် လက်တွေ့တွင် ယင်းဥပဒေ၏ လွှမ်းမိုးမှုသည် အလွန်အားနည်းနေသေးကြောင်း တွေ့ရသည့်အပြင် တာဝန်အရှိဆုံး ဌာနများ၏ လုပ်ဆောင်မှုက အင်မတန်မှ အားနည်းနေသေးသည်ကို လေ့လာတွေ့ရှိရပါကြောင်း၊ System ပိုင်းအရ အားနည်းနေသေးသည့် အတွက်ကြောင့် ပြုပြင်ပြောင်းလဲရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် တရားမဝင်ငွေကြေး ဝန်ဆောင်မှုကို မည်သည့်အတွက်ကြောင့် အများဆုံး အသုံးပြုသနည်းဆိုသည်ကို လေ့လာသည့်အခါ ဈေးကွက်အရ လိုအပ်ချက်ဖြစ်ပြီး ဝယ်လိုအားရှိလို့ ရောင်းလိုအားရှိခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ လုပ်ပိုင်ခွင့် အပ်နှင်းခြင်းခံရသော ဌာနများအနေဖြင့် ငွေကြေးခဝါချမှုများ မဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံတော်၏ အခွန်ဘဏ္ဍာ မဆုံးရှုံးရအောင် ရောင်းလိုအားနှင့် ဝယ်လိုအားမျှအောင် လုပ်ပေးရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ လုပ်မပေးနိုင်သရွေ့က ရန်ကုန်မြို့အနော်ရထာလမ်း တစ်လျှောက်တွင် တရားမဝင် ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများ လုပ်နေကြသည့် သူများအတွက် အားပေးသကဲ့သို့ဖြစ်ပြီး နိုင်ငံနှင့် ပြည်သူအတွက် နစ်နာသည်ထက် နစ်နာရဦးမည် ဖြစ်ပါကြောင်း၊ အဆိုပါ အကြောင်းအရင်းများကို ဝန်ကြီးဌာနအနေဖြင့် မသိရှိဘဲမနေပါကြောင်း၊ စဉ်းစားစရာအချက်က မည်သည့်အတွက်ကြောင့် ၎င်းလူများကို ဥပဒေအရ အရေးယူခြင်းမရှိဘဲ လွှတ်ထားပါသနည်း၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ အခန်း (၁၁) တွင် တားမြစ်ချက်များ ဖော်ပြထားသည့်အပြင် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေနှင့်လည်း ငြိစွန်းပါလျက် မည်သည့်အတွက်ကြောင့် အရေးယူခြင်း မပြုလုပ်ရသနည်းဆိုသည့် အချက်သည် တော်တော်စဉ်းစားစရာ ဖြစ်နေပါကြောင်း၊
ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဝင်လာရန်အတွက်ဆိုလျှင် ဗဟိုဘဏ်နှင့် သက်ဆိုင်ရာဌာနမှ အဆိုပါကိစ္စများကို ကောင်းမွန်စွာကိုင်တွယ်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံအချင်းချင်း ငွေလွှဲဝန်ဆောင်မှုများကို အဆင်ပြေချောမွေ့အောင် ပြုလုပ်ပေးရမည့် မဟာဗျူဟာများ ကောင်းကောင်း ချမှတ်ရေးဆွဲရန်လည်း လိုအပ်နေပြီဖြစ်ပါကြောင်း၊ အရေးကြီးဆုံးအချက်က ဘဏ်များအားလုံးအနေဖြင့် ထူးခြားသည့် ငွေကြေးစီးဆင်းမှုများ ပေါ်ပေါက်လာခဲ့လျှင် ဗဟိုဘဏ်ကို အချိန်နှင့်တစ်ပြေးညီ တင်ပြရမည်ဖြစ်သည့်အပြင် ဗဟိုဘဏ်အနေဖြင့်လည်း ယခုလို ထူးခြားဖြစ်စဉ် မျိုးများကိုအမြန်ဆုံး ကိုင်တွယ်ဖြေရှင်း နိုင်ရန်အတွက် ငွေကြေးခဝါချမှုများနှင့် ချက်ချင်းချိတ်ဆက် ပူးပေါင်းသင့်သည်ကို လေ့လာတွေ့ရှိရပါကြောင်း၊
ဘဏ်များအနေဖြင့် ဝန်ထမ်းများခေါ်ယူရာတွင်လည်း ဘွဲ့ရဖြစ်ရမည်ဟု တစ်ခုတည်း မဟုတ်ဘဲ ငွေကြေးခဝါချမှုနှင့် ပတ်သက်၍ မည်မျှနားလည် တတ်ကျွမ်းသနည်း ဆိုသည့်အချက် ပါဝင်သင့် ပါကြောင်း၊ တရားမဝင်ငွေကြေး လွှဲပြောင်းခြင်း၊ ငွေလဲလှယ်ခြင်း စသည်တို့ကို မြန်မာနိုင်ငံ နယ်စပ်မြို့တွင် အများဆုံးတွေ့ရပါကြောင်း၊ ယခုလိုတရားမဝင် ငွေလွှဲဝန်ဆောင်မှုများကို တရုတ်နိုင်ငံတွင် သေဒဏ်အပြင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခြင်းကို ခံရပါကြောင်း၊ ထို့ကြောင့် လူအနည်းစုဖြင့် တစ်နိုင်ငံလုံး၏ဘဝကို နိုင်ငံတော်အနေဖြင့် အလဲထပ်မပြုနိုင်သည့် အတွက်ကြောင့် နိုင်ငံသူနိုင်ငံသားများ၏ အကျိုးကိုရှေးရှုပြီး ယနေ့မေးခွန်းကို တင်ပြရခြင်း ဖြစ်သည့်အပြင် ဗဟိုဘဏ်နှင့် သက်ဆိုင်ရာဌာနများ အနေဖြင့်လည်း နိုင်ငံနှင့်ပြည်သူများ၏ အကျိုးကို ရှေးရှုပြီး အချင်းချင်းချိတ်ဆက် ဆောင်ရွက်မှုအား ပိုမိုကောင်းအောင် ပြုလုပ်သင့်ပါကြောင်းဖြင့် မိမိမေးခွန်းအား မေးမြန်းရခြင်းဖြစ်ပါသည်။