(ဂ)-ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးပျံ့နှံ့စွာရရှိစေရန် မြို့နယ်နှင့်ဆက်သွယ်သည်‌့ ၁၁ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့ချိတ်ဆက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

ကျောင်းကုန်းမြို့နယ်တွင် ရပ်ကွက်သုံးခု၊ ကျေးရွာအုပ်စု ၆၅ အုပ်စု၊ ကျေးရွာခွဲပေါင်း ၄၁၆ ရွာရှိရာ မဟာဓာတ်အားလိုင်းရရှိသည့် ကျေးရွာများတွင် ၁၈ ရွာသာရှိခဲ့ပြီး ၎င်းကျေးရွာများအနေဖြင့် လျှပ်စစ်မီး ဆွဲခွင့်ကို ခွင့်ပြုချက်ရရှိ၍ ကိုယ်ထူကိုယ်ထ ငွေကြေးသုံးစွဲပြီး ဆောင်ရွက်ခဲ့ခြင်းမျှသာ ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် NEP အစီအစဉ်နှင့် နှစ်မိုင်အတွင်း ကျေးရွာငါးရွာမှာလည်း မြို့နှင့်ဆက်စပ်သည့် မြို့အဖျားကျေးရွာများသာ ဖြစ်ပါကြောင်း၊ ကျေးလက်ဖွံ့ဖြိုးမှု ဦးစီးဌာန အစီအစဉ်နှင့် ကျေးရွာများကို ဆိုလာစနစ်ဖြင့် မီးရရှိအောင် ဆောင်ရွက်ပေးသည့်အခါ ယခင်ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၃၂ ရွာမှာလည်း ဆိုလာစနစ်များက အဆင်မပြေပါကြောင်း၊ ယခု NEP နှင့် ICP-1 ၁၄ ရွာ၊ ICP-2 သုံးရွာတို့အား ဆိုလာစနစ်ဖြင့် တပ်ဆင်ထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ် စီမံကိန်းဆွေးနွေးပွဲတွင် ဝန်ကြီးဌာနအနေဖြင့် ဖြေကြားထားသည်မှာ ကျောင်းကုန်းမြို့နယ်အတွင်း ကျေးရွာ ၄၁၆ ရွာမှ ကျေးရွာ ၂၀ မှာ ဓာတ်အားစနစ်နှင့်ဖြစ်ပြီး အခြားနည်းလမ်းဖြင့် ၉၈ ရွာ စုစုပေါင်း ၁၁၈ ရွာ လျှပ်စစ်ရရှိသည်ဟု ဖြေကြားထားပါကြောင်း၊ အမှန်တကယ် ကျောင်းကုန်းမြို့နယ်အနေဖြင့် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးကို NEP အပါအဝင် ၂၃ ရွာ၊ ဆိုလာစနစ်ဖြင့် ၄၉ ရွာ မီးလင်းပြီးကျေးရွာပေါင်း ၇၂ ရွာဖြစ်ပြီး မီးလင်းရန်ကျန်သည့် ကျေးရွာတွင် ၃၄၄ ရွာရှိပါကြောင်း၊ မီးရရှိသည့်ရာခိုင်နှုန်းကို တွက်မည်ဆိုလျှင် တစ်မြို့နယ်လုံးတွင် ၁၇.၃ ရာခိုင်နှုန်းဖြစ်သောကြောင့် လျှပ်စစ်ဓာတ်အားမှာ အလွန်နည်းပါးပါကြောင်း၊ မီးမရရှိသည့်ရွာ ၈၂.၇ ရာခိုင်နှုန်းရှိပြီး မြို့နှင့်ဝေးလံသော ကျေးရွာများတွင် လျှပ်စစ်ဓာတ်အားရရှိရန် အလွန်ခက်ခဲပါကြောင်း၊ ကိုယ်ထူကိုယ်ထ ငွေကြေးစနစ်ဖြင့်လည်း မဆောင်ရွက်နိုင်ပါကြောင်း၊ လျှပ်စစ်ဝန်ကြီးဌာန အနေဖြင့် မြို့နယ်နှင့်ဆက်စပ်သည့် ကားလမ်းမကြီးများပေါ်တွင် အကယ်၍ ၁၁ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်းများကို ချိတ်ဆက်ပေးမည်ဆိုပါက ၎င်းကြိုးများမှတစ်ဆင့် ကျေးရွာများတွင်  ချိတ်ဆက်သွယ်ယူခြင်းဖြင့် လျှပ်စစ်မီးကို အလွယ်တကူ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊

မြို့နှင့်ဆက်သွယ်သော ကျောင်းကုန်း-ဒါးကကားလမ်းကို ၁၁ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း တပ်ဆင် ပေးမည်ဆိုပါက ၎င်းနေရာရှိ ကွမ်းခြံကုန်း၊ ရင်ဆိုင်၊ သဲခုံ၊  လှည်းဆိပ်၊ လက်ပံချောင်း၊ ဂုံမင်း၊ ဇီးချောင်း၊ ဗြိုက်ကြီးကျေးရွာ အုပ်စုများတွင် မီးလင်းသွားမည်ဖြစ်ပါကြောင်း၊ ယင်းလမ်းတလျှောက်တွင် ကြည့်ပါက ကန်ကလေး ကျေးရွာတစ်ရွာသာ ကိုယ်ထူကိုယ်ထ မီးလင်းခဲ့ပြီး ယခုနှစ်တွင် လှည်းဆိပ်ရွာမှာ တိုင်းဒေသကြီး အစိုးရဘတ်ဂျက်နှင့် ဆောင်ရွက်မည်ဟု သိရှိရပါကြောင်း၊ ကျောင်းကုန်း-အိမ်မဲ ကားလမ်းတွင် ကြည့်လျှင်လည်း ၁၁ ကေဗွီလျှပ်စစ်ဓာတ်အားလိုင်းကို တပ်ဆင်ပါက မိုးပြာ၊ မင်းမနိုင်၊ ကောက်ကြီးကုန်း၊ ဖုန်းဆိုး၊ ကျားကိုက်ချောင်း၊ ထောက်ရှာ၊ ချောင်းကြီး၊ ရှမ်းရွာ၊ ဘုရားကြီးကုန်းစသည့် ကျေးရွာအုပ်စုများနှင့် ဆက်စပ်သော ကျေးရွာများကို မီးလင်းမည်ဖြစ်ပါကြောင်း၊ ယခုနှစ်တွင် အဆိုပါလမ်းမှာ တိုင်းဒေသကြီးဘတ်ဂျက်နှင့် ချထားမည်ဟု သိရှိရပါကြောင်း၊

ကျောင်းကုန်း-ကျုံပျော် ကားလမ်းပေါ်တွင်လည်း ၁၁ ကေဗွီတပ်မည်ဆိုပါက ၎င်းနေရာရှိ မိုးမခ၊ ရွာသာကုန်း၊ ကျောင်းအိုင်၊ အစုကြီး ဆက်စပ်သည့်ကျေးရွာများ မီးလင်းသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါလမ်းတလျှောက်တွင် ဝက်ချောင်းကျေးရွာအုပ်စုတစ်ခုသာ ကိုယ်ထူကိုယ်ထမီးလင်းပြီး ဖြစ်ပါကြောင်း၊ ကျောင်းကုန်း-သုံးဂွကားလမ်းကို ၁၁ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်း တပ်ဆင်ပေးမည် ဆိုလျှင် မကျီးပင်ကွင်း၊ ပန်းတောရိုး၊ လူသန့်ချောင်း၊ ဝက်ခြံဂရက်ကျေးရွာအုပ်စုများနှင့် ဆက်စပ်သည့် ကျေးရွာများကို လျှပ်စစ်ဓာတ်အားရရှိသွားစေမည် ဖြစ်ပါကြောင်း၊ ကျောင်းကုန်းမြို့နယ်အနေဖြင့် ကျောင်းကုန်း-ကွင်းကြီးလမ်းတွင် မိမိတို့ကျေးရွာများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်သောကြောင့် အဆိုပါလမ်းမကြီးတွင် မီးလင်းပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးရွာများ လျှပ်စစ်မီးပျံ့နှံ့စွာ ရရှိစေရန်အတွက် မြို့နယ်နှင့်ဆက်သွယ်ထားသည့် ကားလမ်းမကြီးများပေါ်၌ ၁၁ ကေဗွီ လျှပ်စစ်ဓာတ်အားလိုင်းများ တိုးချဲ့ချိတ်ဆက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။