(ဃ)-မြစ်သားမြို့နယ်၊ မြောင်းကြီးဘောင်၊ ပွဲလုံးကျော်နှင့် ထိန်ကန်ကြီးကျေးရွာများမှာ ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကျေးရွာမီးလင်းရန် အခက်အခဲရှိနေသောကြောင်း လျှပ်စစ်မီးရရှိရေးအတွက် ရန်ပုံငွေချထားပေးရန် အစီအစဉ်ရှိ/မရှိနှင်‌့ စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

မိမိတို့လွှတ်တော်၏ ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူ့အသံ လွှတ်တော်အသံ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ၊ ပြည်သူတို့မျှော်လင့်ချက် လွှတ်တော်ကဖော်ဆောင်ရွက်” ဟူသည့်အတိုင်း မိမိတို့သည် လွှတ်တော် အစည်းအဝေးနားချိန်တွင် ကျေးရွာများသို့သွားရောက်ပြီး လွှတ်တော်အတွေ့အကြုံ ရှင်းလင်းခြင်း၊ ပြည်သူ့အသံနားထောင်ခြင်းများ ဆောင်ရွက်ပါကြောင်း၊ လွန်ခဲ့သည့်နိုဝင်ဘာလ ၄ ရက်နေ့က မြစ်သားမြို့နယ် စပ်ရွာလေးသုံးရွာဖြစ်သည့် ထိန်ကန်ကြီး၊ ပွဲလုံးကျော်၊ မြောင်းကြီး ဘောင်ကျေးရွာကို လွှတ်တော်အတွေ့အကြုံ သွားရောက်ရှင်းလင်းသောအခါ ရွာသူ/သားများက အခက်အခဲ လိုလားချက်ကို တင်ပြရာတွင် လူနေမှုအဆင်‌့အတန်း မြင်‌့မားရန်အတွက် တစ်ခုတည်းသော အရေးကြီးဆုံးဆုံမှတ် လိုအပ်ချက်ကြီးမှာ လျှပ်စစ်မီးရရှိရေးဟူ၍ အားလုံးကတစ်ပြိုင်နက်တည်း တင်ပြတောင်းဆိုခဲ့ကြကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် သက်ဆိုင်ရာဌာန ဆိုင်ရာများနှင်‌့ သေချာကွင်းဆင်းပြီး လက်ရှိတိုင်းဒေသကြီး ဘတ်ဂျက်မှဖြစ်စေ ပေးနိုင်မည့်မူဘောင်ထဲတွင်ရှိ/မရှိ စစ်ဆေးသည့်အခါ ပေးနိုင်သည့်မူဘောင်ထဲ ရှိသောကြောင့် ပြည်သူ့ဆန္ဒကို အလေးထားသောအားဖြင့်  ဤသို့မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် ပြည်သူ့လွှတ်တော် ဥပဒေပုဒ်မ ၆၂ အရ ပေးအပ်ထားသည့်အတိုင်း မိမိသည်သက်ဆိုင်ရာ မြို့နယ်ရှိ အာဏာပိုင်များနှင်‌့ လွှတ်တော်ကိုယ်စားလှယ်များ‌ ပေါင်းစပ်ညှိနှိုင်းပြီး အဆိုပါမြို့နယ်တွင် ၂၀၁၉-၂၀ ဘတ်ဂျက်နှစ်တွင် မီးလင်းသင်‌့သည့် ရွာများတွင် မိမိလက်မှတ်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် လက်မှတ်၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာများ၏ လက်မှတ်များနှင့်တင်ပြပြီး အပေါ်ပိုင်းကို မိမိတို့ လက်မှတ်များနှင့် တက်သွားသည်ဟု သိရပါကြောင်း၊ အဆိုပါ ရွာများကို သေချာကွင်းဆင်း သည့်အခါ ပေးနိုင်သည့် မူဘောင်ထဲကဖြစ်သည့်အပြင် ရွာနှစ်ရွာတွင် JIKA ၏အစီအစဉ်ဖြင့် ရွာတွင်းလေးရွာလိုင်း တည်ဆောက်ပြီး ဖြစ်သကဲ့သို့ နောက်တစ်ရွာမှာလည်း အချိန်မရွေးစတင်၍ ‌ကော်မတီဖွဲ့ပြီး တည်ဆောက်နိုင်လောက်အောင် အာသီသပြင်းပြ နေကြပါကြောင်း၊ ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေနှင့်အညီ ပြည်သူ့ကိုယ်စား အောက်ခြေတွင်ညှိနှိုင်း ပေါင်းစပ်၍ သေချာပြင်ဆင်ပြီး လွှတ်တော် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း မေးထားသည့်အတွက် ဤရွာသုံးရွာတွင် ပြည်သူများကိုယ်စား မိမိအနေဖြင့် ရလာဒ်ကောင်းကို မျှော်လင့်မိပါကြောင်း၊ ထို့ကြောင့် မြစ်သားမြို့နယ်၊ မြောင်းကြီးဘောင်၊ ပွဲလုံးကျော်နှင့် ထိန်ကန်ကြီးကျေးရွာများတွင် ကိုယ်ထူကိုယ်ထစနစ်ဖြင့့်် ကျေးရွာမီးလင်းရန် အခက်အခဲ ရှိနေသောကြောင့် လျှပ်စစ်မီးရရှိရေးအတွက် ရန်ပုံငွေချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။