(ခ)-စေတုတ္တရာမြို့၌ ဆီမီးချောင်းရေတိုက်စားနစ်မြုပ်မှုမှ ကာကွယ်ရန်အတွက် ရေကာတာတည်ဆောက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-29

 

စေတုတ္တရာမြို့သည် မုန်းတမံရေပြင်ကြီး၏ အောက်ဘက်နှင့် ကြီးအုံကြီးဝတမံရေပြင်ကြီး၏အထက်တွင် ကပ်လျက် တည်ရှိပြီး မြို့၏တောင်ဘက် နံဘေးတွင် ရခိုင်ရိုးမမှာ မြစ်ဖျားခံစီးဆင်းသည့် တောင်ကျဆီမီးချောင်း တည်ရှိပါ ကြောင်း၊ မိုးတွင်းအချိန်တွင် အထက်ဘက် မုန်းတမံရေပြင်ကြီးသည် အန္တရာယ်ရေအမှတ်ထက် ၁၀ ပေ၊ ၁၅ ပေခန့် ရေပိုလွှဲကကျော်ကျပါကြောင်း၊ အောက်ကကြီးအုံကြီးဝတမံကြီးတွင်လည်း ရေပိုလွှဲအထက် ၁၄ ပေ၊ ၁၅ ပေကျော်၍ တမံရေပြင်ကြီးသည် စေတုတ္တရာမြို့အနားကို တရိပ်ရိပ်တက်လာပါကြောင်း၊ မြို့တောင်ဘက် ကပ်ရပ်ဆီမီးချောင်း သည် နှစ်စဉ် မိုးကာလရောက်တိုင်း ရေကြီးရေလျှံလေ့ရှိပြီး စေတုတ္တရာမြို့၏ တောင်ဘက်နံဘေးရှိ က.ပ.စ(၂၀) လမ်းဘောင်ကို ရေတိုက်စားပြီး မြို့တောင်ဘက်ပိုင်း ဝနရပ်ကွက်၊ ဇေယျရပ်ကွက်များသည် နှစ်စဉ် ရေဘေးကြုံရ၍ ကုန်းမြင့်ရာကို ပွေးရှောင်ကြရပါကြောင်း၊ ထို့ကြောင့် နှစ်စဉ်ရေကြီးတိုင်း ဌာနဆိုင်ရာနှင့်ဒေသခံများသည် ဒေသန္တရ သစ်၊ ဝါးများနှင့် ရေဘေးကို ကြိုးစားကာကွယ်ကြရပါကြောင်း၊ ဆီမီးချောင်းသည် စေတုတ္တရာမြို့၏ အရှေ့ တောင်ဘက် ပေ ၄၀၀၀ ခန့်အကွာတွင် ကြီးအုံကြီးဝတမံရေပြင်ဖြစ် မုန်းချောင်းထဲကို စီးဝင်ပါကြောင်း၊ သို့သော် ကြီးအုံကြီးဝတမံရေပြင်ကြီးက ပိတ်ဆီးထားသည့်အတွက် ဆီမီးချောင်းရေ စီးမထွက်နိုင်ဘဲအောင်းတက်ပြီး စေတုတ္တရာမြို့နှင့် လယ်ယာများကို နှစ်မြုပ်အန္တရာယ်ပြုပါကြောင်း၊ ၂၀၁၈-၁၉ ဘတ်ဂျက်တွင် က.ပ.စ(၂၀)မှ နေပြီး ရေကာနံရံ ပေ ၁၇၀၀ ကို မြို့အထက်ဘက်တွင် တည်ဆောက်ခဲ့သည့်အတွက် မြို့၏အထက်ပိုင်းကို အတိုင်း အတာတစ်ခုအထိ ရေဘေးအန္တရာယ်ကင်းဝေးနိုင်ခဲ့သော်လည်း မြို့မှ အောက်ဘက်တံတားအထိ ပေ ၂၆၀၀ ခန့်ကို ရေကာနံရံတည်ဆောက်ပေးရန် အရေးတကြီးလိုအပ်နေခြင်းဖြစ်ပါကြောင်း၊

ဆီမီးချောင်းသည် စေတုတ္တရာမြို့၏တောင်ဘက်ကပ်ရပ်တွင် တည်ရှိပြီး စေတုတ္တရာမြို့၏ အရှေ့တောင်ဘက်တွင် ကြီးအုံကြီးဝတမံရေပြင်ကြီးရှိပါကြောင်း၊ နှစ်စဉ်နှစ်တိုင်း ရေဘေးအန္တရာယ်ကြုံရပြီး တာဘောင်ကို တိုက်စားသည့် အတွက် မြို့ကိုရေဘေးအန္တရာယ် မကြာခဏ ကြုံတွေ့နေကြရသည့် အနေအထားဖြစ်ပါကြောင်း၊ ရေဘေးအန္တရာယ် ကြုံတိုင်း ဒေသခံများ၊ ဌာနဆိုင်ရာများ စုပေါင်းပြီးကာကွယ်နေကြရသည့် အနေအထားဖြစ်ပါကြောင်း၊  က.ပ.စ (၂၀)မှ မကြာသေးခင်က ရေကာနံရံတည်ဆောက်ခဲ့ပါကြောင်း၊ စေတုတ္တရာမြို့မှ အောက်ဘက်ဆီမီးချောင်း တံတား အထိ ရေကာနံရံပြုလုပ်ပေးရန် လိုအပ်နေပါကြောင်း၊ မုန်းတမံရေပြင်ကြီး၏ အောက်မှာတည်ရှိပြီး ကြီးအုံကြီးဝတမံ ရေပြင်ကြီး၏ ဧရိယာမှာပါဝင်ပြီး နံဘေးတွင် တောင်ကျဆီမီးချောင်းတို့နှင့် ပတ်လည်ဝန်းရံနေသည့် မကွေးတိုင်း ဒေသကြီး၊ စေတုတ္တရာမြို့သည် နှစ်စဉ် ရေဘေးအန္တရာယ်ကြုံတွေ့နေရပါသဖြင့် ဆီမီးချောင်း ရေတိုက်စား နစ်မြုပ်မှုမှကာကွယ်ရန် ရေကာနံရံတည်ဆောက်ပေးပါရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။