(င)-မိုင်းရယ်မြို့နယ်အတွင်း လမ်းအပိုင်းများနှင့် တံတားလုပ်ငန်းများကို သက်ဆိုင်ရာဌာနမှ နှစ်အလိုက် ပြီးစီးရန်လျာထားချက်နှင့် အစီအစဉ်များမည်ကဲ့သို့ရေးဆွဲချမှတ်ဆောင်ရွက်လျက် ရှိသည်ကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့မြို့နယ် တစ်မြို့နယ်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့် န.တ.လ ကတာဝန်ယူဆောင်ရွက်သည်ဟူ၍ အပိုင်းနှစ်ပိုင်း မတူညီကြပါကြောင်း၊ န.တ.လ ကတာဝန်ယူ ဆောင်ရွက်သည့်အပိုင်းကို မေးမြန်းသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် န.တ.လ ကတာဝန်ယူ ဆောင်ရွက်သောလမ်းတံတားများတွင် တစ်နှစ်လျှင်မြို့နယ်တစ်မြို့နယ်ကိုချမှတ်ပေးသော ဘတ် ဂျက်လျာထားချက်က အလွန်နည်းပါးပါကြောင်း၊ အမှန်တကယ်လုပ်ငန်းဆောင်ရွက်ရမည့် လုပ်ငန်းပမာဏက အလွန်များပြားပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းများကိုသာ နှစ်အလိုက် နည်းနည်းချင်းစီဆောင်ရွက်သွားသည့်အတွက် လမ်းတစ်လမ်းကိုသာပြီးစီးရန် လေး၊ ငါး၊ ခြောက်နှစ် အနည်းဆုံးအချိန်ယူဆောင်ရွက်ရပါကြောင်း၊
ထို့အပြင် မိမိတို့ထပ်ပြီး လူထုနှင့်တွေ့ဆုံရာတွင် တင်ပြတောင်းဆိုသောလုပ်ငန်းအသစ်များလည်း အများအပြားရှိနေသည့်အတွက် လုပ်ငန်းသစ်များထပ်မံဆောင်ရွက်ရန် အလွန်ခက်ခဲသည့်အတွက် လုပ်ငန်းများကို လုပ်ဆောင်ရာတွင် န.တ.လ ကဆောင်ရွက်သော လမ်းတံတားများသည် ဘတ်ဂျက်နည်းသည့်အပြင် လုပ်ငန်းတည်ဆောက်သည့်အချိန်တွင် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်ရန် အားနည်းသည့်အတွက် ၎င်းလုပ်ငန်းများက စံချိန်စံညွှန်းပြည့်မီမှုမရှိဘဲ အချိန်တို အတွင်းတွင် ပျက်စီးနေသည့်အနေအထားမျိုး တွေ့ရပါကြောင်း၊ န.တ.လ ကတာဝန်ယူ ဆောင်ရွက်သည့်လမ်းများ၊ တံတားများက ပြင်ဆင်ထိန်းသိမ်းရေးရန်ပုံငွေ ခွင့်ပြုချထားခြင်း မရှိကြောင်းလည်း သိရသည့်အတွက် အဆိုပါလမ်းကိုဆက်လက်ပြီး ပြုပြင်ထိန်းသိမ်းမှုမရှိတော့ ပါကြောင်း၊ နဂိုကတည်းကတည်ဆောက်ထားသည့်အနေအထားက အားနည်းချက်၊ ချို့ယွင်းချက် များရှိသည့်အပြင် ထပ်မံပြီးပြုပြင်ရန်အတွက် ရန်ပုံငွေမချသည့်အတွက် အဆိုပါလမ်းများက ရေရှည်ထိန်းသိမ်းရန်ခက်ခဲပြီး လမ်းများပြန်လည်ပျက်စီးပါကြောင်း၊ တည်ဆောက်ပြီးသွားသော လမ်းများ၊ တံတားများကိုလည်း ပြုပြင်ထိန်းသိမ်းရန်လိုအပ်သည့်အပြင် လုပ်ငန်းအသစ်များလည်း ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ အများအပြားဖြစ်နေပါကြောင်း၊ တစ်နှစ်တစ်နှစ် ချပေး သောရန်ပုံငွေဖြင့် အဆိုပါလုပ်ငန်းများကို မည်သို့ကာဗာဖြစ်မည်နည်းဆိုသည့်ကိစ္စ ဖြစ်လာပြီး မိမိတို့မြို့နယ်အတွင်းရှိ မြေသားလမ်းအသစ်များဆောင်ရွက်ရန်အတွက် တောင်းဆိုထားသည်များ အများအပြားရှိပါကြောင်း၊ မြေသားလမ်းများဖောက်လုပ်ပြီး အဆင့်မြှင့်တင်သော ကျောက်ချော လမ်းများလုပ်လာပြီး ကျောက်ချောလမ်းများကတစ်ဆင့် ကတ္တရာလမ်းစသည်ဖြင့် မဆောင် ရွက်နိုင်ဘဲ ရေတိုက်စားပြီး ပျက်စီးသွားသောလမ်းများလည်း အများအပြားဖြစ်နေပါကြောင်း၊
ဌာနဆိုင်ရာကလုပ်မည့် လမ်းလုပ်ငန်း၊ တံတားလုပ်ငန်းများက ဖြစ်နိုင်မည်ဆိုပါက အောက်ခြေက ပြည်သူများ၏ဆန္ဒနှင့်ကိုက်ညီသော ကိစ္စရပ်များဖြင့်သာ ဆောင်ရွက်ပါကပိုပြီးထိရောက်မည်ဟု ထင်ပါကြောင်း၊ တချို့ကိစ္စတွင် လွှတ်တော်ကိုယ်စားလှယ်နှင့်တိုင်ပင်ညှိနှိုင်းမှုမရှိဘဲ ဌာနကလုပ် သွားသည့်အခါ အောက်ခြေကပြည်သူများတောင်းဆိုသည်ကတစ်လမ်း၊ ဌာနကလုပ်သွားသည်က တစ်လမ်းဖြစ်သည့်အတွက် လိုအပ်ချက်များက ပိုပြီးပိုပြီးများပြားလာသည့် အနေအထား ဖြစ်ပါကြောင်း၊ ဥပမာပြောရပါက မိမိတို့မန်စန့်နှင့်ဟိုယဆက်သွယ်ထားသော ကျောက်ချော လမ်းသည် န.တ.လ ကဆောင်ရွက်ပြီးဖွင့်ပြီးဖြစ်သော်လည်း သိပ်အသုံးပြုမှုမရှိသည့်အပြင် လမ်းများတော်တော်လေးပျက်စီးသွားသည့်အချိန် ပြုပြင်ထိန်းသိမ်းနိုင်ရန်မရှိသည့်အတွက် အဆိုပါလမ်းများက တချို့နေရာများသည်သွားလာ၍မရသည့်အနေအထား ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်ရှိလမ်းများဖြစ်သော နမ့်လန်း-ဟိုတိ-မန်ကျောင်းပန်ရှင်လမ်း၊ လွယ်ငင်း-မန်ကျောင်းပန်ရှင်လမ်း၊ ဟိုယ-ဟိုတုံး-ပိန်းကွေ့လမ်း၊ နားယ-နားစောက်-ပိန်းကွေ့လမ်း၊ မန်စန့်-ဟိုခို-နမ့်ဆွမ်လမ်း၊ မန်စန့်-နမ့်ကတ်လမ်းစသည့်လမ်းများကို ပြည်သူလူထုက အမြဲတစေ တောင်းဆိုပြီး အဆင့်မြှင့်တင်ပေးရန်၊ ပြုပြင်ထိန်းသိမ်းပေးရန် တောင်းဆိုလာသောကြောင့် မြို့နယ်ထဲရှိ န.တ.လ ကတာဝန်ယူဆောင်ရွက်သော လမ်းများ၊ တံတားများအားလုံးကို နှစ် အလိုက်မည်သို့လျာထားချက်ချမှတ်ပြီး ဆောင်ရွက်မည်နည်း၊ မည်သို့ပြီးစီးအောင်လုပ်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။