(ဃ)-တောင်ဥက္ကလာပမြို့နယ် ရတနာလမ်းနှင့် သုမင်္ဂလာလမ်းဆုံရှိ ယာဉ်ရပ်နားစခန်း(၂)ခုတွင် ယာဉ်ရောင်းဝယ်ရေးစခန်းဖွင့်မည်ဆိုပါက ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံ့ဝင်ငွေလည်းတိုးမည်ဖြစ်သဖြင့် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
တောင်ဥက္ကလာပမြို့နယ် ရတနာလမ်းနှင့် သုမင်္ဂလာလမ်းဆုံတွင်ရှိသော ယာဉ်ငယ်ရပ်နား စခန်း(၂)ခုတွင် ယာဉ်ရောင်းဝယ်ရေးစခန်းဖွင့်မည်ဆိုပါက ရတနာလမ်းတစ်လျှောက်တွင်ရှိသော ယာဉ်ကြောပိတ်ဆို့မှုများကိုလည်း လျှော့ချနိုင်မည်ဖြစ်ပြီး နိုင်ငံတော်အတွက်လည်း ဝင်ငွေတိုးတက်မည် ဖြစ်ပါသဖြင့် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း
တောင်ဥက္ကလာပမြို့နယ်ကို စတင်တည်ထောင်စဉ်ကပင် ရပ်ကွက်တိုင်း၏ထောင့်များတွင် အားကစားကွင်းများကို တည်ဆောက်ပေးခဲ့ပါကြောင်း၊ ရန်ကုန်မြို့၏ မြေယာစီမံခန့်ခွဲခွင့်ကို မြို့တော် စည်ပင်ကို လွှဲလိုက်သည့်အချိန်ကစပြီး ရပ်ကွက်များ၏ထောင့်နေရာများရှိ အားကစားကွင်း ပန်းခြံများကို အကြောင်းအမျိုးမျိုးပြ၍ သိမ်းဆည်းခဲ့ပါကြောင်း၊ ယနေ့အချိန်ထိ အများပိုင် အားကစားကွင်းမြေများကို သိမ်းယူနေဆဲဖြစ်ပါကြောင်း၊ တောင်ဥက္ကလာပမြို့နယ်(၁၁)ရပ်ကွက်၊ (၁၂)ရပ်ကွက်၊ သုမင်္ဂလာလမ်းနှင့် ရတနာလမ်းဆုံရှိ အားကစားကွင်းနှစ်ကွင်းကို သိမ်းယူခဲ့ပြီး မြို့နယ်အတွက် လိုအပ်ခြင်းမရှိသည့် ယာဉ်ငယ်ရပ်နားစခန်းနှစ်ခုကို ၂၀၁၄-၂၀၁၅ ခုနှစ်ခန့်တွင် တည်ဆောက် ဖွင့်လှစ်ခဲ့ပါကြောင်း၊ အားကစားကွင်းများကိုသိမ်းယူပြီး ပြည်သူများက မကျေမနပ်ဖြစ်သည့်အတွက် ၎င်းယာဉ်ငယ်ရပ်နားစခန်းများ၏ လေးလွှာအမိုးပေါ်တွင် ကလေးအားကစားကွင်းကို ပြုလုပ်ပေးခဲ့ပါကြောင်း၊
အားကစားကွင်း နှစ်ကွင်းကို သိမ်းယူပြီး တည်ဆောက်ထားသည့် ယာဉ်ငယ်ရပ်နားစခန်း လေးထပ်အဆောက်အဦနှစ်ခု၏ အမိုးတွင် တည်ဆောက်ထားသည့် ကလေးအားကစားကွင်းတွင် အရိပ်အာဝါသမရှိဘဲ အလွန်ပူပြင်းပြီး ကလေးများ ယင်းနေရာသို့ရောက်ရန် လေးထပ်အထိ တက်ရသောကြောင့် ကစားမည့်သူလည်း မရှိသလောက်ဖြစ်နေသည်ကို တွေ့ရပါကြောင်း၊ ယာဉ်ငယ် ရပ်နားစခန်းနှစ်ခုကို ဖွင့်လှစ်ပေးခဲ့သော်လည်း မြို့နယ်၏ လိုအပ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် လာရောက် ရပ်နားသော မော်တော်ယာဉ်အရေအတွက် အလွန်နည်းပါးသောကြောင့် တာဝန်ယူထားရသည့် ဝန်ထမ်းစရိတ်ပင်မကာမိဘဲ နှစ်စဉ်အရှုံးပြနေသည်ဟု သိရှိရပါကြောင်း၊ ယာဉ်ရပ်နားစခန်းမှာလည်း ယာဉ်ရပ်နားခြင်းမရှိပါကြောင်း၊ ထိုသို့သော အခြေအနေကြောင့် ယာဉ်ငယ်ရပ်နားစခန်းနှစ်ခုအား ယာဉ်ရောင်းဝယ်ရေးစခန်းကဲ့သို့ ဆောင်ရွက်ပေးနိုင်ရန် ရတနာလမ်းတစ်လျှောက်တွင် နားလည်မှုနှင့် ဆောင်ရွက်နေသည့် မော်တော်ယာဉ် အကျိုးဆောင်များမှလည်း လိုလားလျက်ရှိနေပါကြောင်း၊ ၎င်းနေရာများတွင် ယာဉ်ရောင်းဝယ်ရေးစခန်း ဖွင့်လှစ်မည်ဆိုပါက နိုင်ငံတော်အတွက် ဝင်ငွေ တိုးတက်လာမည်ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုကိုလည်း အထိုက်လျောက် လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အရှုံးပြနေသော ယာဉ်ငယ်ရပ်နားစခန်း နှစ်ခုအား ဝင်ငွေတိုးတက် ရရှိရန်အတွက် ယာဉ်ရောင်းဝယ်ရေးစခန်း သို့မဟုတ် အခြားသင့်လျော်သော လုပ်ငန်းများတွဲ၍ ဆောင်ရွက်ပေးနိုင်ပါရန်နှင့် သက်ဆိုင်ရာ ဌာနအနေဖြင့် မည်သို့စီစဉ်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။