(ဂ)-စည်ပင်သာယာရေးဈေးများ၏ ဟင်းသီးဟင်းရွက်နှင်‌့ သား၊ ငါးဈေးဆိုင်တန်းများ သန့်ရှင်းရေးဆိုင်ရာ စီမံဆောင်ရွက်ထားရှိမှုများနှင်‌့ သန့်ရှင်းသောဈေးများဖြစ်ပေါ်လာအောင် မည်ကဲ့သို့စီစဉ်ဆောင်ရွက် သွားမည်ကို သိလိုခြင်းနှင်‌့ စပ်လျဉ်းသည်‌့မေးခွန်း

2020-12-28

 

မြန်မာနိုင်ငံရှိ ဈေးများအားလုံးနီးနီး အလှကုန်ပစ္စည်းများ၊ အထည်အလိပ်များ၊ ကုန်ခြောက်ပစ္စည်းများ နှင့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်ဈေးတန်းများကို နေရာခွဲခြားပြီး ပူးပေါင်းရောင်းချနေသည့်ဈေး များပြားပါကြောင်း၊ သီးသန့်ရောင်းချသည့်ဈေးများ အလွန်နည်းပါးနေပါကြောင်း၊ အထူးသဖြင့် ဟင်းသီးဟင်းရွက်၊ သား၊ ငါး ဆိုင်တန်းများနှင့်ပတ်သက်၍ စနစ်တကျ တည်ဆောက်ပေးထားသည့် ဈေးဆိုင်ခန်းများရှိသကဲ့သို့ အများစုမှာ တိုးချဲ့ဈေးဆိုင်ခန်းများ၊ လမ်းဘေးနှင့် မြေကြီးပေါ်တွင် ချရောင်းသည့်ဆိုင်ခန်းများ ဖြစ်ပါကြောင်း၊ အဆိုပါဈေးဆိုင်ခန်းများ အားလုံးနှင့်ပတ်သက်၍ နိုင်ငံ တကာတွင် ရေကိုအဓိကသုံးစွဲရသောကြောင့် Wet Market ဟု ခေါ်ယူထားခြင်း ဖြစ်ပါကြောင်း၊ အဆိုပါဈေးများသည် မိမိတို့ပြည်သူများ၏ အဓိကအားထားရာဈေးဖြစ်ပါကြောင်း၊ ပြည်သူများ၏ အာဟာရနှင့် ကျန်းမာရေးအတွက် အရေးကြီးစားသောက်ရမည့်ပစ္စည်းများကို ရောင်းချနေသည့် ဈေးဆိုင်များတွင် ပတ်ဝန်းကျင်သန့်ရှင်းရေး အခြေအနေ၊ စားသောက်ကုန်များ၏ သန့်ရှင်းရေး အခြေအနေများကို ပြုပြင်ပြောင်းလဲရန် များစွာလိုအပ်နေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊

ဈေးတစ်ခုရှိ အမှိုက်ပုံတွင်ထူးခြားသည်မှာ ပလတ်စတစ်ပစ္စည်းများ၊ ကြွပ်ကြွပ်အိတ်များကိုသာ တွေ့ရှိနေရပါကြောင်း၊ အမှိုက်အတော်များများကို သိမ်းဆည်းသွားသော်လည်း များစွာကျန်ရှိနေ ပါကြောင်း၊ ရေမရှိသည့်အတွက် ဈေးသည်များအနေဖြင့် ကိုယ့်ပုံးလေးနှင့်ကိုယ်ချ၍ ရောင်းနေရသည့် အခြေအနေ ဖြစ်ပါကြောင်း၊ စည်ပင်သာယာရေးဈေးများတွင် သား၊ ငါးဈေးတန်း သန့်ရှင်းမှု အခြေအနေများကို သိရှိနိုင်ရန်အတွက်သာ တင်ပြခြင်းဖြစ်ပါကြောင်း၊ အတော်များများသည် ယခုထက်များစွာဆိုးနေသည့် အခြေအနေများရှိပါကြောင်း၊ ဖော်ပြပါအခြေအနေများအပြင် သား၊ ငါးဈေးတန်း၊ ဟင်းသီးဟင်းရွက်ဈေးတန်းများကြားတွင် စားသောက်ဆိုင်များလည်း ပါဝင်ရောင်းချ နေသည်ကို တွေ့ရှိရပါကြောင်း၊ မုန့်ဟင်းခါးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လက်သုပ်ဆိုင်စသည်ဖြင်‌့ ကျန်းမာရေးအတွက် အခက်အခဲဖြစ်စေမည့်၊ ပြဿနာဖြစ်စေမည့် စားသောက်ကုန်များနှင့် အတူတူ ရောထွေးပြီး ရောင်းချနေသည်ကိုလည်း တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များ ရရှိရန်အတွက် ဟင်းသီးဟင်းရွက်နှင့် သား၊ ငါးဈေးဆိုင်တန်းများကို သန့်ရှင်းမှုရှိရေး စီမံဆောင်ရွက်ထားရှိမှုများကို အားဖြည်‌့ဆောင်ရွက်ရန်လည်း လိုအပ်ချက်ရှိနေ ပါကြောင်း၊ ဤသို့ဆောင်ရွက်သည့်အခါ အဓိကအားဖြင်‌့ အဆောက်အဦ၊ ရေ၊ အမှိုက်စွန့်ပစ်စနစ် စသည်တို့မှာ အဓိကကျသည့်လုပ်ငန်း ဖြစ်ပါကြောင်း၊ ထို့အပြင် စည်ပင်သာယာရေးဈေးများမှ ကြီးကြပ်သည့်အခါ အထူးသဖြင်‌့ မြို့တော်စည်ပင်သာယာရေး သုံးခုဖြစ်သည့် ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီများတွင် အဖွဲ့အစည်းကြီးများဖြစ်သည့် ကျန်းမာရေးဌာန၊ သား၊ ငါးဌာနစသည်ဖြင်‌့ ဌာနများရှိသော်လည်း မြို့နယ်များတွင် မရှိပါကြောင်း၊ အဆိုပါဌာနအားလုံး၏ သန့်ရှင်းရေးကို ပြည်သူ့ကျန်းမာရေးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ကုသရေး ဦးစီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ သို့သော် ပူးပေါင်းဆောင်ရွက်မှု များမှာလည်း မရှိသလောက် နည်းပါးနေပါကြောင်း၊ ထို့ကြောင့် သား၊ ငါး ဈေးဆိုင်တန်းများ၏ သန့်ရှင်းသပ်ရပ်မှုနှင့် ပတ်သက်ပြီး အခြေခံအဆောက်အဦများ နည်းပါးမှုကို ပြင်ဆင်ရန်၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအရေးပါမှု အသိပညာပေးမှုတို့ကို ဆောင်ရွက်ရန်၊ လုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် ဆောင်ရွက်၍ ဈေးသည်များ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုကိုလည်း အထူးအရေးပါအောင် ဆောင်ရွက်ရန်အတွက် လိုအပ်နေကြောင်း စီစဉ်‌ ဆောင်ရွက်ထားရှိမှုများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။