(ဂ)-ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်ခဲ့သော ၁၂၈၀ မီဂါဝပ်ထွက်ရှိမည့် USC (Ultra Super Critical) နည်းပညာသုံး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင်‌့စပ်လျဉ်းသည်‌့မေးခွန်း

2020-12-28

 

မိမိတို့နိုင်ငံတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရန်အတွက် လျှပ်စစ်ဓာတ်အားများစွာရရှိရန် လိုအပ် လျက်ရှိပါကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု ၃၀ ရာခိုင်နှုန်းခန့်သာရှိပြီး ကရင်ပြည်နယ်တွင် ခြောက်ရာခိုင်နှုန်းခန့်သာ လျှပ်စစ်မီးရရှိပြီး တိုင်းဒေသကြီးနှင်‌့ပြည်နယ် ၁၄ ခုတွင် ရာခိုင်နှုန်းအနည်းဆုံးပြည်နယ် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ လျှပ်စစ်သုံးစွဲမှုသည် နှစ်စဉ် ၁၅ ရာခိုင်နှုန်းခန့် တိုးတက်သုံးစွဲလျက်ရှိပြီး ၄၀၀ မီဂါဝပ်ခန့် တိုးတက်ထုတ်လုပ်နိုင်ရန် လိုအပ်လျက် ရှိပါကြောင်း၊ ထိုသို့ နိုင်ငံတော်၏ဓာတ်အားလိုအပ်ချက်ကို ဖြည်‌့ဆည်းပေးနိုင်ရန်ရည်ရွယ်ပြီး USC ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို TTCL ကုမ္ပဏီနှင့်ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားရှိသည်ဟု သိရှိရပါကြောင်း၊ ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရန်အတွက် စီမံကိန်းတည်ဆောက်မည်‌့ မြေနေရာတိုင်းတာခြင်း၊ ပြည်သူလူထုကို ချပြရှင်းလင်းခြင်း၊ (Pre Feasible Study) ကြိုတင် လေ့လာဆန်းစစ်ခြင်း၊ ကြိုတင်ဆောင်ရွက်ပြီးစီးခြင်းနှင်‌့ ကျောက်မီးသွေးသယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ကွင်းဆင်းတိုင်းတာပေးပြီးဖြစ်ကြောင်း သိရှိရပါကြောင်း၊

သံလွင်မြစ်ကြောင်းတစ်လျှောက် ဒီရေလမ်းကြောင်းများနှင့်ပတ်သက်ပြီး ဒုတိယဦးဆောင် ညွှန်ကြားရေးမှူး ဦးဆောင်သည့်အဖွဲ့က  ကွင်းဆင်းစစ်ဆေးပါကြောင်း၊ ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံနှင့် ပတ်သက်ပြီး ပြည်သူလူထု၊ ကျေးရွာပြည်သူလူထုကို ကျောက်မီးသွေးစက်ရုံတွင် ရှင်းလင်းပြောကြားပါကြောင်း၊ ကျေးရွာလူထုက ကျောက်မီးသွေးအကျိုး၊ အပြစ်နှင့်ပတ်သက်ပြီး ပြန်လည်မေးမြန်းပါကြောင်း၊ နောက်လာမည့် ၂၀၃၀ ခုနှစ်တွင် ၃၄ ရာခိုင်နှုန်း ကျောက်မီးသွေး သုံးစွဲမည်၊ စက်ရုံများသုံးစွဲမည် ဖြစ်ပါကြောင်း၊ ဗီယက်နမ်က ၅၂ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံက ၁၉ ရာခိုင်နှုန်း သုံးစွဲမည် ဖြစ်ပါကြောင်း၊

ကရင်ပြည်နယ်အနေဖြင့် ထုတ်လုပ်မှုကုန်ကျစရိတ်သက်သာပြီး အခြေခံဝန်အား Base Load အဖြစ် အသုံးပြုနိုင်သော အချိန်တိုအတွင်းတည်ဆောက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်သော USC နည်းပညာသုံး ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတို့ကို တည်ဆောက်ရန် ကြိုးစားဆောင်ရွက် ခဲ့သည်ကို သိရှိရပါကြောင်း၊ ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားပေးစက်ရုံအကြီးစားများ မရှိသေးခြင်း၊ ပြည်နယ်အတွင်း စက်ရုံ၊ အလုပ်ရုံများကို ရင်းနှီးမြှုပ်နှံမှုများပြားလာပြီး အလုပ်အကိုင် အခွင်‌့အလမ်းများ ပေါများလာစေရေး၊ ပြည်ပရောက်အလုပ်သမားများ ပြည်နယ်အတွင်း ပြန်လည် ဝင်ရောက် လုပ်ကိုင်လာစေရန်နှင်‌့ ပြည်နယ်နှင်‌့ပြည်ထောင်စုအတွက် ဝင်ငွေများပိုမိုရရှိနိုင်ရေး၊ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်လာသည်နှင်‌့အမျှ ငြိမ်းချမ်းရေးအဖွဲ့အစည်းများသည်လည်း စီးပွားရေး လုပ်ငန်းကို ပိုမိုစိတ်ဝင်စားလာပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖြစ်စဉ်ကြီး ပိုမိုခိုင်မာလာနိုင်ရေးနှင်‌့ တိုးတက်ခေတ်မီသော နည်းပညာအသစ်များကို ဒေသခံပြည်သူများ ဆင့်ပွားတတ်မြောက်နိုင်မည်ကို ဆောင်ရွက်နေသည်ဟု သိရှိရပါကြောင်း၊ စီမံကိန်းတည်ဆောက်မှု ကုန်ကျစရိတ်ကိုလည်း နိုင်ငံတော် မှ စိုက်ခံဆောင်ရွက်ရန်မလိုဘဲ ကုမ္ပဏီမှအလုံးစုံ အကုန်အကျခံဆောင်ရွက်သောစီမံကိန်း ဖြစ်သည် ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြိုးပမ်းဆောင်ရွက်ခဲ့သော ၁၂၈၀ မီဂါဝပ်ထွက်ရှိမည့် USC (Ultra Super Critical) နည်းပညာသုံး ကျောက်မီးသွေးဓာတ်အားပေး စက်ရုံကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။