(စ)-တနိုင်းမြို့နယ်တွင် ပယင်း၊ ရွှေသတ္တုတို့နှင့်စပ်လျဉ်း၍ အသေးစားနှင့် လက်လုပ်လက်စားတူးဖော် ထုတ်လုပ်ခွင့်ကို ခွင့်ပြုနိုင်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက်နေကြောင်းကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

2020-12-28

 

မိမိနှင့် ဖားကန့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးတို့က ၁၇-၉-၂၀၁၈ ရက်နေ့တွင် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြစာပေးပို့ခဲ့ပါကြောင်း၊ ၁၃-၇-၂၀၁၇ ရက်နေ့တွင်ကျင်းပခဲ့သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၃၀)ရက်မြောက်နေ့တွင် မိမိအဆိုတစ်ခု တင်သွင်း ခဲ့ပါကြောင်း၊ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် တရားမဝင် ရွှေမှော်နှင့် ပယင်းမှော်များ တူးဖော်ဆောင်ရွက်နေမှုများကို နောင်တွင်ယခုကဲ့သို့မဖြစ်စေရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို ဖြစ်ပါကြောင်း၊ ၎င်းအဆိုကို ပြည်သူ့လွှတ်တော်က အတည်ပြုထားပါကြောင်း၊ ယင်းအဆိုတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်လည်း အတည်ပြုပေးရန် ထောက်ခံဆွေးနွေးခဲ့ပါကြောင်း၊ ဝန်ကြီး၏ရှင်းလင်းဖြေကြားချက်နိဂုံးချုပ်တွင် ကချင်ပြည်နယ်၊ တနိုင်း မြို့နယ်တွင် ကျောက်မျက်ရတနာအသေးစား၊ လက်လုပ်လက်စားလုပ်ငန်းများအနေဖြင့် ပယင်း တူးဖော်ခွင့်၊ ရွှေသတ္တု အသေးစားနှင့် လက်လုပ်လက်စားတူးဖော်ထုတ်လုပ်ခွင့်များကို ကချင်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် တရားမဝင် ရွှေနှင့်တူးဖော်မှုများ နောင်တွင်ဖြစ်ပွားခြင်း မရှိစေရန် ဆောင်ရွက်သွားနိုင်မည်ဟု ရှင်းလင်းဖြေကြားထားပါကြောင်း၊ တနိုင်းမြို့နယ်တွင် ရွှေနှင့် ပယင်းထွက်ရှိရာဒေသများဖြစ်သော နန်ဗျူ၊ ဇီးဖြူကုန်း၊ တုံမဏီတို့တွင် တရားမဝင် လုပ်ငန်းရှင် တချို့က ဆောင်ရွက်နေကြကြောင်း နယ်မြေသတင်းအရသော်လည်းကောင်း၊ မဲဆန္ဒရှင် ပြည်သူများ က တင်ပြ၍သော်လည်းကောင်း၊ လူမှုကွန်ရက်များကသော်လည်းကောင်း သိရှိရပါကြောင်း၊ နိုင်ငံတော် ၏ သယံဇာတနစ်နာမှုကိုဖြစ်စေ၊ နိုင်ငံသူ နိုင်ငံသားများ၏ စားဝတ်နေရေးပြေလည်စေရေးနှင့် အလုပ် လက်မဲ့ပြဿနာနည်းပါးစေရေး၊ နိုင်ငံတော်မှ အခွန်ဘဏ္ဍာရရှိရေးစသောအချက်ကို ရှေးရှုပြီး တနိုင်း မြို့နယ်တွင် ပယင်း၊ရွှေသတ္တုနှင့်စပ်လျဉ်းပြီး အသေးစားနှင့်လက်လုပ်လက်စားတူးဖော် ဆောင်ရွက် ခွင့်ကို အမြန်ဆုံးခွင့်ပြုပေးရန် လိုအပ်နေပါကြောင်း၊ ထို့ကြောင့် တနိုင်းမြို့နယ်တွင် ပယင်း၊ ရွှေသတ္တုတို့နှင့်စပ်လျဉ်း၍ အသေးစားနှင့် လက်လုပ်လက်စားတူးဖော်ထုတ်လုပ်ခွင့်ကို ခွင့်ပြုနိုင်ရေး အတွက် မည်ကဲ့သို့ဆောင်ရွက်နေကြောင်းကို သိလိုပါကြောင်း မေးမြန်းပါသည်။