(ဂ)-ရခိုင်ပြည်နယ်၊ သံတွှဲခရိုင် ပြည်သူ့ဆေးရုံကြီးအား ခုတင် ၁၀၀ ဆံ့ဆေးရုံမှ ခုတင် ၂၀၀ ဆံ့ဆေးရုံ အဖြစ်သို့ တိုးမြှင့်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2020-12-28

မိမိတို့ သံတွဲခရိုင်ဆေးရုံကြီးကို ၁၇-၆-၁၉၆၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ် ၂၀၀၄ ခုနှစ်တွင် အဆင့်မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ ခွင့်ပြုခုတင် ၁၀၀ ဖြစ်သော်လည်း ယခုအခါ အသုံးချခုတင် ၁၉၀ ကျော်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ပေးလျက်ရှိပါကြောင်း၊ ယခင်က လူနာထားရန်အဆောင် အခက်အခဲရှိသော်လည်း ယခုအခါ တိုးချဲ့နှစ်ထပ်ဆောင်သစ်များ ဖွင့်လှစ်ပြီးဖြစ်သဖြင့် လူနာများကို ပိုမိုထားရှိနိုင်သည့်အပြင် အတွင်းလူနာကုသမှုများလည်း နေ့စဉ်တိုးလျက်ရှိပါကြောင်း၊ မိမိတို့ခရိုင်ဆေးရုံကြီးကို တောင်ကုတ်မြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်မှ လူဦးရေသုံးသိန်‌းကျော်မှ အားထားရသည့်ဆေးရုံကြီး တစ်ခုဖြစ်ပါကြောင်း၊

သံတွဲမြို့ ငပလီကမ်းခြေသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်တွင်းပြည်ပ ခရီးသွားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အရေးပေါ်ကုသမှုကို လိုအပ်လာခြင်းကြောင့် လည်းကောင်း ခုတင် ၂၀၀ ဆံ့ဆေးရုံကြီး ဖြစ်ပေါ်လာခဲ့လျှင် အထူးကုဆရာဝန်ကြီးများနှင့် ခေတ်မီစက်ကိရိယာများ ပိုမိုထောက်ပံ့မည် ဖြစ်သည့်အတွက်ကြောင့် ဒေသခံပြည်သူအတွက် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးသည် အဆင့်အတန်းပိုမို တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရန်ကုန်သို့အရေးပေါ်လူနာများ လွှဲပြောင်းရခြင်း နည်ပါးသွားနိုင်သည့်အတွက် ဒေသခံ ပြည်သူများအတွက် ငွေကုန်ကြေးကျ၊ အချိန်ကုန် လူပင်ပန်းဖြစ်ရခြင်းမှ အထိုက်အလျောက် ကာကွယ် ပေးနိုင်မည် ဖြစ်ပါကြောင်း၊ အရေးပေါ်လူနာ လွှဲပြောင်းမှုလည်း ၂၀၁၆ ခုနှစ်တွင် ၈၇ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၁၅၂ ဦးနှင့် ၂၀၁၈ ခုနှစ်တွင် ၁၅၉ ဦးတို့ လွှဲပြောင်းပေးခဲ့ရပါကြောင်း၊ ထို့အပြင် ကျောက်ဖြူမြို့နယ်၊ မာန်အောင်မြို့နယ်များမှ လူနာများလည်း သံတွဲဆေးရုံသို့ အမြဲလာရောက် ကုသလျက်ရှိသည်ကို  ဆေးမှတ်တမ်းများအရ သိရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ သံတွဲခရိုင် ပြည်သူ့ဆေးရုံကြီးအား ခုတင် ၁၀၀ ဆံ့ ဆေးရုံမှ ခုတင် ၂၀၀ ဆေးရုံကြီးအဖြစ်သို့ တိုးမြှင့်ပေးနိုင်ခြင်း ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။