(ခ)-ဒိုက်ဦးမြို့နယ် ယခင်စက်မှု (၁) ပိုင် ကော်မှုန့်စက်ရုံ (၃) ထပ် အဆောက်အဦကို ပြန်လည်မွမ်းမံ ပြင်ဆင်၍ အစိုးရစက်မှုလက်မှု အထက်တန်းကျောင်းအသစ် (ဒိုက်ဦး) အဖြစ် ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံအဖြစ်တည်ဆောက်ရာတွင် ဦးစားပေးကဏ္ဍအဖြစ် ပညာရေးကဏ္ဍသည် အရမ်းအရေးကြီးသော ကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ပညာရေးကို အမှီသဟဲပြု၍ နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရန် အသက်မွေးဝမ်းကျောင်းပညာ ဖွံ့ဖြိုးတိုးတက်ရန်လည်း လိုအပ်ပါကြောင်း၊ ယခုလို နိုင်ငံသားများ၏ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ပထမတန်းစား နည်းပညာနှင့် သက်မွေးပညာရေး စနစ်ဖြစ်လာစေရန် ဆောင်ရွက်ရန် လိုအပ်နေသည့် အချိန်အခါလည်း ဖြစ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရေးစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကိုလည်း တွေ့မြင်နေရပါကြောင်း၊ တိုင်းပြည်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် အဓိကအချက်သည် တိုင်းပြည်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်‌ရေးဆောင်ရွက်ရာတွင် ကျွမ်းကျင်သော နည်းပညာရှင်များ၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရန် လေ့ကျင့်ပေးရန်နှင့် ပြုစုပျိုးထောင် ပေးနိုင်ရန်လည်း အရေးကြီးလွန်း လှပါကြောင်း၊

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၁) အား ရေးဆွဲချမှတ်ခဲ့ပြီး အဆင့်မြှင့်ပညာကဏ္ဍ၊ အခြေခံပညာကဏ္ဍ၊ နည်းပညာနှင့် သက်မွေးပညာ ကဏ္ဍတို့တွင် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရန် အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ နည်းပညာနှင့် သက်မွေးပညာရပ်များ သင်ယူလျက်ရှိသည့် ကျောင်းသား/သူများ အနေဖြင့် သီအိုရီဖြင့် လက်တွေ့ပေါင်းစပ်ပြီး စီးပွားရေးအတွေးအမြင်များ၊ ဗဟုသုတများ၊ နည်းပညာနှင့်သက်မွေးပညာ ရပ်များကို လက်တွေ့အသုံးချ ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ မိမိတို့သည် လူငယ်များကို အနာဂတ်တွင် နိုင်ငံ့တာဝန်များ ကျေပွန်စွာထမ်းဆောင်နိုင်သော လူသားကောင်းများဖြစ်ရန် လေ့ကျင့်မွေးထုတ်ပေးရမည့် သမိုင်းပေးတာဝန် ရှိပါကြောင်း၊ တစ်ကမ္ဘာလုံး၏ လိုအပ်ချက်၊ မိမိတို့မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ သက်မွေးဝမ်းကျောင်းပညာကို အားပေးရန်လည်း လိုပါကြောင်း၊ သက်မွေးဝမ်းကျောင်း ပညာဆိုသည်မှာ ဒုတိယတန်းစား ပညာမဟုတ်ပါကြောင်း၊ သင်ယူသူများအတွက်သာမက နိုင်ငံ့အတွက်၊ ကမ္ဘာ့အတွက် တန်ဖိုးရှိလှခြင်းကြောင့် ယနေ့ခေတ်၏ လိုအပ်ချက်နှင့်အညီ သက်မွေးပညာရေးကို မြှင့်တင်ပေးရန် လိုအပ်နေသည့် အချိန်လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒိုက်ဦးမြို့နယ်တွင်ရှိသော ရန်ကုန်မြို့နှင့် ၇၂ မိုင်ခန့်ကွာဝေး၍ ပဲခူးမြို့နှင့် ၂၂ မိုင်ခန့်အကွာရှိသော ဒိုက်ဦးမြို့၏တောင်ဘက် ၁၂ မိုင်တွင်ရှိသည့် ယခင် စက်မှု (၁) ပိုင် ယခု စက်မှုဝန်ကြီးဌာနပိုင် အသုံးမချတော့သော ကော်မှုန့်စက်ရုံကြီးရှိပါတယ်။ ဒီစက်ရုံကြီးအတွင်းမှာ RC သုံးထပ် အလျား ၃၆၀ ပေ x အနံ ၄၀ ပေရှိသော အဆောက်အဦဟောင်း ကြီးကို ပြန်လည်မွမ်းမံပြင်ဆင်၍ နိုင်ငံတော်၏ လူသားအရင်းအမြစ် (Human Resource) များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရစက်မှုလက်မှု အထက်တန်းကျောင်းအသစ် (ဒိုက်ဦး) အဖြစ် အမှန်တကယ် လိုအပ်နေပါကြောင်း၊ ဖွင့်လှစ်ဆောင်ရွက်ပေးမည် ဆိုပါကလည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးများစွာကောင်းမွန်စေမည် ဖြစ်ပါကြောင်း၊ သို့ပါသောကြောင့် နိုင်ငံတော်နှင့် နိုင်ငံသူ/သားများ၏ အကျိုးကိုမျှော်တွေးရှေးရှုပြီး ဒေသခံမဲဆန္ဒနယ်ရှင် ပြည်သူများ၏ကိုယ်စား မေးမြန်းပါသည်။