(ဃ)-လေရှီးမြို့နယ်ရှိ ပန်ဆပ်၊ မွန်းကိုင်လင်နှင့် မသော်ရီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနများတွင် စံကိုက်အဆောက်အဦ ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ ပန်ဆပ်ကျေးလက် ကျန်းမာရေးဌာနနှင့် မွန်းကိုင်လင်ကျေးလက် ကျန်းမာရေးဌာနများသည် ယခင်က ပျဉ်ထောင်ပျဉ်ခင်း သွပ်မိုးဖြင့် ဆောက်လုပ်ထားသည့် အဆောက်အဦ ဖြစ်ပါကြောင်း၊ မိမိတို့ဒေသ၏ ကြမ်းတမ်းသည့် ရာသီဥတုဒဏ်ကြောင့် ယခုအခါ အဆိုပါဆေးခန်းများသည် ပျက်စီးယိုယွင်းနေပြီ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆေးခန်းအတွက် လုံခြုံမှုမရှိခြင်း၊ လက်ရှိဝန်ထမ်းအင်အားနှင့် ညီမျှသည့် အဆောက်အဦ အိမ်ရာမရှိခြင်းတို့ကြောင့် ကျေးလက်ကျန်းမာရေးဌာနနှင့် ညီမျှသည့် စံကိုက်အဆောက်အဦနှင့် အခြားလိုအပ်ချက်များကို အသစ်ဆောက်လုပ်ပေးရန် လိုအပ်နေပြီ ဖြစ်ပါကြောင်း၊ အလားတူ မသော်ရီကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် နယ်စပ်ရေးရာဝန်ကြီး ဌာနရန်ပုံငွေဖြင့် ဆောက်လုပ်ထားသည့် ဆေးခန်းတစ်ခုတည်းရှိသည့်အတွက် အခြားလိုအပ်သည့်စံကိုက် သတ်မှတ်ချက် ဖြည့်ဆည်းပေးရန် လိုအပ်နေခြင်း ဖြစ်ပါကြောင်း၊ မိမိသိရှိသည်ကို ပြောရမည်ဆိုလျှင် ပေးသည်က စံကိုက်ပေးခြင်းဖြစ်သော်လည်း ငွေမလုံလောက်သဖြင့် ဆေးခန်းအဆင့်သာ ဆောက်ခဲ့သည်ကို သိရှိရပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ကျေးလက် ကျန်းမာရေးဌာနနှင့် ဌာနခွဲများတွင် စံကိုက်ခွင့်ပြုငွေ ချပေးသည့်အခါ ဒေသစရိတ်အမှန်ကုန်ကျငွေ ခွင့်ပြုပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ထို့ကြေင့် ပြည်သူ့လွှတ်တော်တွင် မိမိ၏တင်ပြချက်အပေါ် ဖြေကြားခဲ့သည့် ကတိကဝတ်အရ မိမိတို့မြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာန ခွဲသုံးခုကို ဝန်ကြီးဌာနက စံကိုက်ခွင့် ပြုပေးခဲ့ပါကြောင်း၊ သို့သော် ခွင့်ပြုငွေက ပြည်မတွင်ပေးထားသည့် နှုန်းထားဖြင့် ပေးသည့်အခါ ဘယ်ကုမ္ပဏီမှ တင်ဒါမဆွဲခဲ့သဖြင့် ခွင့်ပြုသည့်ဘဏ္ဍာနှစ်တွင် ဆောက်လုပ် နိုင်ခြင်းမရှိခဲ့ပါကြောင်း၊ ယခု ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ဆဲ လုပ်ငန်းအဖြစ် ပြောင်းလဲပြီးဆောင်ရွက်နေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြာင့် ခွင့်ပြုငွေနှုန်းထားက မပြင်ပေးထားသည့် အတွက်ကြောင့် မူလပထမကပေးသည့် ခွင့်ပြုငွေကို ပေးသည့်အခါ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့၏ သဘောထားမှတ်ချက်နှင့် ဆေးခန်းတစ်ခုတည်းသာ ဆောက်လုပ်ပြီး ဝန်ထမ်းအိမ်ရာ မပါဝင်ခြင်း ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် စံကိုက်ပေးသည့်အခါ ဒေသတစ်ခုနှင့်တစ်ခု မတူညီသော ဒေသပေါက်ဈေးများကို အခြေခံပြီး ခွင့်ပြုငွေပေးရန် လိုအပ်မည် ဖြစ်ပါကြောင်း၊ ယခုတင်ပြသည့် ကျေးရွာများရှိ ကျေးလက်ကျန်းမာရေးဌာန သုံးခုသည်လည်း ဒေသပေါက်ဈေး စံကိုက်ပေးခြင်း မဟုတ်သည့်အတွက်ကြောင့် လိုအပ်ချက်များ ရှိနေခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဖော်ပြပါကျေးရွာများရှိ ကျန်းမာရေးဌာနများမှာ စံကိုက်အဆောက်အဦ အပါအဝင် အခြားသတ်မှတ်ချက်များကို အစောဆုံးဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။