(င)-မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်ချက်များနှင့် ခုတင်(၁၅၀၀)ဖွဲ့စည်းပုံ အဆင့်မြှင့်နိုင် ရန် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
ပထမအကြိမ် လွှတ်တော်သက်တမ်း ၂၀၁၂ ခုနှစ် နှစ်စပိုင်းတွင် မိမိအနေဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီး၏ လိုအပ်ချက်များဖြစ်သည့် Guard Word၊ Oxygen Plant နှင့် Elevator တို့ကို လွှတ်တော်ကြီးထဲတွင် မေးခွန်းမေးမြန်းခြင်းမှတစ်ဆင့် ရလဒ်ကောင်းများ ရရှိခဲ့ပါကြောင်း၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးဆိုလျှင် ရန်ကုန်ဆေးတက္ကသိုလ် (၂) ၏ Teaching Hospital သင်ကြားရေး ဆေးရုံကြီးတစ်ခု ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး တစ်ခုတည်းသာမက ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်တကွ တခြားသောဒေသများမှ မြို့နယ်တချို့တွင် ရှိသည့် တိုင်းရင်းသားလူမျိုးစုံ ပြည်သူများလာရောက် အားထားကုသမှု ခံယူလျက်ရှိကြသည့် အထွေထွေရောဂါကု ဆေးရုံကြီးဖြစ်ပါကြောင်း၊ နေ့စဉ်ပြင်ပလူနာ ၁၂၀၀ ခန့်ရှိပြီး အတွင်းလူနာ ၁၃၀၀ အထက် ကုသပေးနေရပါကြောင်း၊ ၂၀၀၆ ခုနှစ်တွင် ခုတင် (၈၀၀) ဆံ့ဆေးရုံကြီး ဖြစ်ခဲ့သော်လည်း လူနာများအလွန် များပြားသည့်အလျောက် ခုတင် (၁၅၀၀) ဖွဲ့စည်းပုံအမြန် ချထားပေးရန် လိုအပ်လျက် ရှိနေပါကြောင်း၊ ခွဲစိတ်ခန်းများအနက် Main OT ခန်းများ ဟောင်းနွမ်းနေပြီး ပြုပြင်ရန်ခက်ခဲသည့် အခြေအနေများ ရှိပါကြောင်း၊ သင်ကြားရေးဆေးရုံကြီး ဖြစ်သည်နှင့်အညီ ခွဲစိတ်သော ဌာနများ၊ အထွေထွေခွဲစိတ်၊ သားဖွားမီးယပ်ခွဲစိတ်၊ မျက်စိခွဲစိတ်၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့်လည်ပင်းခွဲစိတ်၊ နှလုံးခွဲစိတ်၊ အရိုးခွဲစိတ်၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်၊ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်မှု များပြားသဖြင့် လက်ရှိအခြေအနေတွင် ခွဲစိတ်ခန်းအရေအတွက်က အလွန်နည်းပါးနေသည်ကို တွေ့ရှိရပါကြောင်း၊ သုံးနှစ်ကျော်ကြာပြီဖြစ်သည့် တည်ဆောက်ဆဲ OT Complex ကို ယခုလာမည့် ဘတ်ဂျက်တွင် အမြန်ပြီးစီးရန် လိုအပ်သော ငွေကြေးသုံးစွဲပြီး OT ဆောက်လုပ်မှု ကျွမ်းကျင်သော အဖွဲ့များနှင့် ချိတ်ဆက်လုပ်ဆောင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ လူနာများ အလွန်များပြားသည့်အလျောက် အလွန်ကြပ်တည်းလျက် ရှိသဖြင့် အဆောက်အဦများ ထပ်မံလိုအပ်လျက် ရှိနေပါကြောင်း၊ ဆောက်လုပ်ရေး အဆောက်အဦ ဦးစီးဌာန အထူးအဖွဲ့ (၁) က ဆောက်လုပ်နေသော OG နှင့် SCBU (Special Care Baby Unit) အဆောက်အဦကလည်း ယခုဘတ်ဂျက်နှစ်တွင် ကျပ်သန်း ၈၀၀ ရရှိသဖြင့် ပြီးစီးရန် ကျပ်သန်း ၁၄၀၀ လိုအပ်နေပါကြောင်း၊
မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးပြင်ပလူနာဌာနမှာ လောလောဆယ် အရေးကြီးလိုအပ်ချက် တစ်ခုက Rabies Vaccine များ မကြာခဏပြတ်လပ် နေခြင်းဖြစ်ပါကြောင်း၊ ခွေးကိုက်ခံရသည့် လူနာများအနက် ချို့တဲ့သည့် ပြည်သူများအနေဖြင့် ပြင်ပတွင်ဈေးကြီးပေးပြီး ဆေးမထိုးနိုင်သဖြင့် များစွာ အခက်ကြုံတွေ့ နေကြရပါကြောင်း၊ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် တာဝန်ထမ်းဆောင် နေကြသောဆရာဝန်များ၊ သူနာပြုများ၊ ကျွမ်းကျင်ဝန်ထမ်းများ၊ အငယ်တန်း ဝန်ထမ်းများအတွက် ဝန်ထမ်းအိမ်ရာများလည်း လိုအပ်လျက် ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ အထက်ဖော်ပြပါ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်ချက်များနှင့်တကွ ခုတင် (၁၅၀၀) ဖွဲ့စည်းပုံ အဆင့်မြှင့်တင်ပေးနိုင်ရန် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။