(စ)-ကသာပြည်သူ့ဆေးရုံကြီးသို့ မေ့ဆေးအထူးကုဆရာဝန် ခန့်ထားပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ကသာဆေးရုံသည် ခရိုင်အဆင့်ဆေးရုံဖြစ်ပြီး နီးစပ်ရာမြို့နယ်များဖြစ်သည့် အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်က လူမမာများအပြင် နယ်ချင်းဆက်နေသည့် ရှမ်းပြည်တချို့နေရာဒေသက လူမမာများပါ နီးစပ်ရာ အားကိုးအားထားနှင့်လာပြီး တက်ရောက်ကုသကြသည့် ဆေးရုံဖြစ်ပါကြောင်း၊ ပထမဦးဆုံး ကသာဆေးရုံတွင် လက်ရှိအနေအထားမှာ သမားတော်ရှိခြင်း၊ ခွဲစိတ်ရှိခြင်း၊ ဓာတ်မှန်ရှိခြင်း၊ အရိုးအကြောရှိခြင်း၊ ကလေးရှိခြင်းနှင့် သားဖွားမီးယပ်ရှိခြင်းစသဖြင့် အထူးကုများ ပြည့်ပြည့်စုံစုံရှိထား ပေးသည့်အတွက်လည်း သက်ဆိုင်ရာဝန်ကြီးဌာနကို ကျေးဇူးတင်ပါကြောင်း၊ သို့သော် မေ့ဆေးဆရာဝန်သည် ကသာကိုမရောက်သည်မှာ လေးနှစ်ခန့်ရှိပါပြီ သက်ဆိုင်ရာ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများကိုလည်း မိမိအနေဖြင့်တွေ့ဆုံတိုင်း တွေ့ဆုံဆိုင်း မေ့ဆေးဆရာဝန် တောင်းခံပါသော်လည်း မနေ့ကအချိန်ထိ မရောက်ရှိသေးပါကြောင်း၊ ၂၀၁၆ ခုနှစ် ခန့်က မေ့ဆေးဆရာဝန် တစ်ခေါက်ရောက် ဖူးပါကြောင်း၊ သို့သော်လည်း ခန့်စာသာရောက်လာပြီး လူကမရောက်လာပါကြောင်း၊ ယခုလောလောဆယ် မိမိတို့မေ့ဆေးဆရာဝန် မရှိသည့်အတွက် ကျန်သည့်ကုသသော ဆရာဝန်များသည် အရေးပေါ်ကိစ္စများ၊ အသက်လုရသည့် ကိစ္စများတွင် ကသာဆေးရုံမှာ အမှန်တကယ်လုပ်နိုင်သော်လည်း မေ့ဆေးဆရာဝန် မရှိသည့်အခါ မန္တလေးဆေးရုံကို မိမိတို့ Refers လုပ်ရပါကြောင်း၊ မန္တလေးနှင့်ကသာသည် ရထားလမ်းဖြင့် မိုင် ၂၁၀၊ ကားလမ်းနှင့်ဆို မိုင် ဒီထက်ပိုဝေးပါကြောင်း၊ အဆိုပါလမ်းကလည်း ယခုလမ်းအရည်အသွေးမှာ ပြင်ဆဲ၊ ပြင်ထိန်းများလုပ်နေသဖြင့် အရေးပေါ်လူမမာ တင်သွားသည့်အခါ ကားများပေါ် လိုက်သွားသည့် လူမမာလည်း မသက်သာပါကြောင်း၊ တစ်ခါတလေ လမ်းမှာတင် အသက်ဆုံးရှုံးရခြင်းများ ဖြစ်လာပါကြောင်း၊ အကယ်၍ မေ့ဆေးဆရာဝန် ရှိခဲ့သည်ရှိသော် ကသာဆေးရုံတွင် ကယ်တင်နိုင်သည့် အနေအထား အများကြီးရှိခဲ့သော်လည်း မေ့ဆေးဆရာဝန် မရှိသည့်အတွက် အသက်ဆုံးရှုံးခံလိုက်ရသော လူမမာများလည်း အများကြီးရှိပါကြောင်း၊ လမ်းကလည်း ယခုအချိန်ထိ ကားသွားလျှင်လည်း ၁၂ ပေသာကျယ်သည့် နေရာများလည်း အများကြီးရှိသော်လည်း ကားများအရေးပေါ် ကျော်တက်ခြင်းတို့ကအစ အများကြီး အခက်အခဲ ရှိနေပါကြောင်း၊ အဓိကကဆေးရုံ၊ ကျန်းမာရေး၊ ကုသရေးအပိုင်းတို့နှင့် မိမိပြောကြည့်သည့်အခါ မေ့ဆေးဆရာဝန်သည် အရေးကြီးပါကြောင်း၊ မေ့ဆေးဆရာဝန် ရောက်လာနိုင်လျှင် အဆိုပါကိစ္စများသည် ကသာတွင် အဆင်ပြေနိုင်သည်ဆိုသည့် ဖြေကြားချက်ကို ရရှိပါကြောင်း၊ ကသာဆေးရုံကို မိမိတို့မရောက်သည်မှာ လေးနှစ်၊ လစ်လပ်နေတာ လေးနှစ်နီးပါးရှိသည့် မေ့ဆေးဆရာဝန်ပို့ပေးစေလိုပါကြောင်း၊ ပို့ပေးသည့်နေရာတွင်လည်း ၂၀၁၆ ခုနှစ်ကဲ့သို့ ခန့်စာသာ ရောက်လာပြီး လူရောက်မလာသည့် အဖြစ်မျိုးများလည်း မဖြစ်အောင် သက်ဆိုင်ရာဝန်ကြီး ဌာနကနေပြီး ကသာလူထုကို ငဲ့ညှာသောအားဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။