(စ)-မိုင်းပျဉ်းမြို့နယ်၊ ယမ်းခမ်းကျေးရွာအုပ်စု၊ နားညောင်ကျေးရွာသို့ ဆက်သွယ်ထားသော တံတားသည် နမ့်ပိန်းချောင်း ရေကြီးမှုကြောင့် တိမ်းစောင်းသွား၍ အဆိုပါတံတားအား ပြန်လည်ပြုပြင် တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

2020-12-28

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ ယမ်းခမ်းကျေးရွာအုပ်စုတွင် ရှမ်း တိုင်းရင်းသား လူမျိုးများ အများဆုံးနေထိုင်ကြပြီး ပလောင်တိုင်းရင်းသားလူမျိုး၊ လားဟူ တိုင်းရင်းသားလူမျိုးနှင့် လွယ်၊ လ၊ ဝ စသည် တိုင်းရင်းသားလူမျိုး ပေါင်းစုံတို့သည် အေးချမ်းတည်ငြိမ်စွာနှင့် နေထိုင်လျက်ရှိပြီး မိရိုးဖလာ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းများနှင့်  အသက်မွေးဝမ်းကြောင်း ပြုလျက်ရှိကြပါကြောင်း၊ အဆိုပါ ကျေးရွာအုပ်စုတွင် ရေပတ်လည်ဝိုင်းပြီး ညီညာပြန့်ပြူးသည့် နားညောင်ကျေးရွာ ရှိပါကြောင်း၊ အဆိုပါကျေးရွာအား ကျေးလက် ဒေသဖွံ့ဖြိုးရေးလမ်းအတွက် လွှတ်တော်တင်ပြချက်နှင့်အတူ နိုင်ငံတော်အစိုးရမှ သံကူကွန်ကရစ် အောက်ခြေ တိုင်နှင့်သစ်သား ခင်းကျင်းထားသည့် တံတားတစ်စင်းကို ၂၀၁၅-၁၆ ခုနှစ်ဝန်းကျင်ခန့်က ဆောက်လုပ် ပေးခဲ့ပါကြောင်း၊ အဆိုပါ တံတားသည် ၂၀၁၈ ခုနှစ် သြဂုတ်လတွင် နမ့်ပိန်းချောင်းရေ တောင်ကျချောင်း ရေနှင့်တူ မိုးအဆက်မပြတ် ရွာသည့်အတွက် တံတား၏ တိုင်အောက်ခြေကို တိုက်စားပြီး တံတားသည် ပြိုကျ ပျက်စီးလုလုအခြေအနေ ဖြစ်နေပါကြောင်း၊ တံတား၏အလယ်တိုင် နိမ့်ဆင်းပြီး ပြိုကျပျက်စီး လုလုဖြစ်နေခြင်း၊ ကြမ်းခင်းအကာများ လဲပြိုခြင်းများနှင့် ယာဉ်များ၊ လမ်းသွားလမ်းလာများ ဖြတ်သန်းရာတွင် အန္တရာယ်ဖြစ် ပေါ်နိုင်ပါကြောင်း၊ ထို့ကြောင့် အဆိုပါတံတားကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်၊ မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်နှင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။