(ဆ)-ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု တပ်ဦး-ကျောင်းကုန်း ကျေးရွာချင်းဆက်လမ်းပေါ်ရှိ ဇော်ဂျီ ချောင်းကူးသစ်သားတံတား (၁၄၆ x ၁၂ x ၂၃)ပေအား သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရပ်စောက်မြို့နယ် ပါမဲကျေးရွာ အုပ်စုအတွင်းရှိ တပ်ဦး-ကျောင်းကုန်း-ထုံးဖို-အောင်သာ-နန်းလင်း-လှည်းတိုးကျေးရွာချင်းဆက် မြေသားလမ်းပေါ်တွင် တည်ဆောက်ထားသော တပ်ဦး-ကျောင်းကုန်-ဇော်ဂျီ ချောင်းကူးသစ်သား တံတားသည် ၂၀၀၅ ခုနှစ်က ကျေးရွာပြည်သူများ စုပေါင်း၍ ကိုယ့်အားကိုယ်ကိုး တည်ဆောက်ခဲ့သော တံတားဖြစ်ပါကြောင်း၊ ၎င်းတံတားကို အသုံးပြု၍ ကျေးရွာ ၆ ရွာမှ၊ အိမ်ထောင်စု ၄၉၇ စု၊ လူဦးရေ ၃၄၆၈ ဦး နေထိုင်လျက်ရှိပါကြောင်း၊ ကျေးရွာများမှ ပြည်သူများက လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများကို မြေဧက ၃၂၈၀ ဧကပေါ်တွင် စပါး၊ ပြောင်း၊ မြေပဲ၊ သရက်များ စိုက်ပျိုးလုပ်ကိုင် ထုတ်လုပ်လျက် ရှိပါကြောင်း၊ ၎င်းအပြင် နေ့စဉ်တပ်ဦးကျေးရွာ အထက်တန်းကျောင်းသို့ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/သူ ၁၅၃ ဦး နေ့စဉ်ဖြတ်သန်းသွားလာ နေရခြင်းနှင့် ပြည်သူလူထု၏ စီးပွားရေး၊ ကျန်းမာရေး၊ လူမှုရေးအတွက် မရှိမဖြစ်လိုအပ်သော ဒေသအတွက် အကျိုးပြုသော တံတားတစ်စင်း ဖြစ်ပါကြောင်း၊ အဆိုပါ တံတားသည် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလတွင် မိုးများ၍ ဇော်ဂျီချောင်းရေကြီးခဲ့ရာ တံတားအောက်ခြေ ထောင့်တိုင်များ ပျက်စီးပြီး တံတားကြမ်းခင်းနှင့်တံတား အောက်ယက် မသစ်ချောင်းများ ရေနစ်မျောပါခဲ့ပါကြောင်း၊ ဇော်ဂျီချောင်းအရှေ့ဘက်တွင်ရှိသည့် ကျေးရွာများမှ ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ ကုန်စည်ပို့ဆောင်ရေး၊ သွားလာရေးအတွက် ဆက်သွယ်မှုများ မပျက်တောက်စေရန် ကျေးရွာရပ်မိရပ်ဖ ပြည်သူများပူးပေါင်း၍ အမြန်ဆုံးပြန်လည် ပြုပြင်တည်ဆောက် ခဲ့ကြပါကြောင်း၊ သို့သော်လည်း ဒေသခံရပ်မိရပ်ဖ ပြည်သူများ၏ တင်ပြဆွေးနွေး ချက်များအရ သက်ဆိုင်ရာဌာန တာဝန်ရှိသူများနှင့် မိမိတို့လွှတ်တော် ကိုယ်စားလှယ်များ ကွင်းဆင်းစစ်ဆေးရာတွင် တံတား၏အောက်ခြေ သစ်သားထောင့်တိုင်များ ခိုင်ခန့်မှုမရှိနိုင်ခြင်း၊ ရာသီဥတုအခြေအနေ ရေတိုက်စားမှုများကြောင့် မကြာသောကာလများတွင် ထပ်မံပျက်စီးသွားနိုင်ပြီး အန္တရာယ်ရှိ တံတားအဖြစ်ရောက်ရှိ သွားနိုင်ပါကြောင်း၊ ဤကဲ့သို့ နှစ်စဉ်နှစ်တိုင်း အကြိမ်ကြိမ် ပျက်စီးခြင်း၊ အကြိမ်ကြိမ် ပြုပြင်သွားလာနေရခြင်းသည် ဒေသခံပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာပြီး လူမှုစီးပွားရေးဘဝများ ပိုမိုထိခိုက်လာနိုင်ပါကြောင်း၊ ဒေသခံပြည်သူများမှလည်း နှစ်စဉ်ကြုံတွေ့နေရသော လမ်းပန်းဆက်သွယ်ရေး အခက်အခဲများအတွက် ဇော်ဂျီချောင်းကူးတံတား အသစ်ဆောင်ရွက် ပေးရန်အတွက် လိုလားတောင့်တလျက်ရှိပြီး ဆောက်လုပ် ဆောင်ရွက် ပေးရန်လည်း လိုအပ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်စောက်မြို့နယ်၊ ပါမဲကျေးရွာအုပ်စု တပ်ဦး-ကျောင်းကုန်း-ထုံးဖို-အောင်သာ-နန်းလင်း-လှည်းတိုး ကျေးရွာချင်းဆက် လမ်းပေါ်တွင်ရှိသော တပ်ဦး- ကျောင်းကုန်- ဇော်ဂျီချောင်းကူး သစ်သားတံတားကို သံကူကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။